အားလုံးအန္တရာယ်ကင်းရှင်းစေဖို့ GAP နှင့်အညီ စိုက်ပျိုးကြစို့

စိုးမိုးဝင်း

လူသားတို့သည် ရှေးယခင်က အစားအစာကို စားသုံးရာတွင် ဗိုက်မဆာစေရန်၊ ဗိုက်ပြည့်စေရန် စားသုံးခဲ့ကြသည်။ ယနေ့ခေတ်တွင်လည်း အချို့လူတို့သည် ထမင်းအဆာခံစေရန် ကောက်ညှင်းကို စားသည်ဟု ကြားဖူးသည်။ ထမင်းစားလျှင် အဆာမခံသည့်အတွက် အလုပ်မတွင်ဘဲ ကောက်ညှင်းစားလျှင် အဆာခံသည့်အတွက် အလုပ်တွင်သည်ဟု ဆိုကြသည်။ လူသားတို့သည် တဖြည်းဖြည်း အသိဉာဏ်ကြွယ်ဝလာသောအခါ (သို့) ချမ်းသာလာသောအခါ ဗိုက်ပြည့်ရုံ မဟုတ်ဘဲ လျှာဖြင့်အရသာခံပြီး စားသုံးလာကြသည်။ ချို၊ ချဉ်၊ ငန်၊ စပ်၊ ဖန်၊ ခါး အရသာခြောက်ပါးကို ခံစားတတ်လာသည်။

ထို့ထက်မက အသိဉာဏ်ကြွယ်ဝပြီး ချမ်းသာမှု မြင့်မားလာသောအခါတွင်မူ လျှာအရသာခံပြီး စားသုံးရုံတင်မကဘဲ အစားအစာ၏အရောင်အဆင်းနှင့် အစားအစာ အပြင်အဆင်ကို မျက်စိဖြင့်ကြည့်ရှုပြီး မျက်စိအရသာခံစားခြင်း၊ အစားအစာ၏ အနံ့အရသာကို ရနံ့ခံပြီး နှာခေါင်းဖြင့်အရသာခံစားခြင်း၊ အစားအစာ၏ အပျော့အမာ၊ အနုအကြမ်းကို ထိတွေ့ ခံစားခြင်း၊ ကြွပ်ကြွပ်ရွရွအစားအစာကို ဝါးစားလိုက်သည့်အခါ ထွက်လာသည့်အသံကို နားထောင်ပြီး နားအရသာခံစားခြင်းအားဖြင့် အာရုံငါးပါးနှင့် စားသုံးလာကြသည်။

ယနေ့ခေတ်တွင်မူ အသိဉာဏ်ကြွယ်ဝမှုနှင့် ချမ်းသာမှုမြင့်မားသော လူတို့သည် အာရုံငါးပါး တင်မကဘဲ ဦးနှောက်ဖြင့်စဉ်းစားကာ စားသုံးလာကြသည်။ ကျန်းမာရေးကောင်းသည့် အစားအစာ၊ လူအတွက်မကောင်းသည့်အစားအစာ၊ ရောဂါရစေ နိုင်သောအစားအစာ၊ ဘေးအန္တရာယ်ကင်းရှင်းသည့် အစားအစာစသည်ဖြင့် အစားအစာအပေါ် များစွာသောအချက်များဖြင့် စဉ်းစားပြီးမှ ရွေးချယ်စားသုံးကြသည်။ စဉ်းစားသည့်အကြောင်းအရာများမှ အဓိကအချက်မှာ ယခင်ကလို မိမိရှေ့တွင်ချထားသော အစားအစာကိုကြည့်ရှုပြီး စားသုံးခြင်းမျိုး မဟုတ်ဘဲ မိမိရှေ့တွင်ရှိသောအစားအစာကို စတင်ထုတ်လုပ်သည်မှ မိမိရှေ့ရှိစားပွဲပေါ်သို့ ရောက်သည်အထိ အဆင့်ဆင့် လုပ်ကိုင်ဆောင်ရွက်မှုများ အားလုံးကို အလေးထားကြည့်ရှုခြင်းပင်ဖြစ်သည်။ စတင်ထုတ်လုပ်သည်မှ စားပွဲပေါ်သို့ရောက်သည်အထိ ဆောင်ရွက်ခဲ့သော လုပ်ငန်းအဆင့်ဆင့်သည် စားသုံးရန်အတွက် အရည်အသွေးပြည့်မီကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းကြောင်း ယုံကြည်မှုရှိသည်ဆိုမှ စားသုံးကြသည်။

ဤသို့ဆိုလျှင် မိမိရှေ့ရှိစားပွဲပေါ်တွင် ရောက်ရှိနေသော အစားအစာသည် စားသုံးရန်အတွက် အရည်အသွေးနှင့် အန္တရာယ်ကင်းရှင်းကြောင်းကို တစ်ခဏအတွင်း မည်သို့ဆုံးဖြတ်မည်နည်း။ စားသုံးသူများ ယုံကြည်စိတ်ချနိုင်စေရန်အတွက် သီးနှံထုတ်ကုန်များ၏အပေါ်တွင် “ဤအစားအစာသည် GAP လမ်းညွှန်မှုနည်းလမ်းများနှင့်အညီ စိုက်ပျိုးထုတ်လုပ်၊ ကိုင်တွယ်ထုပ်ပိုး၊ ရောင်းချထားပါသည်” ဟု ရေးသားရန်လိုအပ်လာပါသည်။ ထိုကဲ့သို့ အဓိပ္ပာယ်ရသော ဆိုလိုချက်ဖြင့် GAP နည်းလမ်းများနှင့်အညီ စိုက်ပျိုးထုတ်လုပ်၊ ကိုင်တွယ်ထုပ်ပိုး၊ ရောင်းချသော သီးနှံများအတွက် GAP အသိအမှတ် ပြုလက်မှတ် (ထောက်ခံချက်လက်မှတ်) များကို ထုတ်ပေးပြီး သီးနှံထုတ်ကုန်များပေါ်တွင်လည်း GAP အမှတ်တံဆိပ်များကို ကပ်ပေးထားရပါသည်။ ထို့ကြောင့် ယနေ့ခေတ်ကာလတွင် အစားအစာများ ကို စားသုံးရန်အတွက် အရည်အသွေးနှင့်အန္တရာယ် ကင်းရှင်းကြောင်း ထောက်ခံချက်ပေးသည့် GAP တံဆိပ်များကို ကြည့်ရှုခြင်းဖြင့် ဆုံးဖြတ်နိုင်ပါသည်။

GAP ဆိုတာဘာလဲ

တစ်ကမ္ဘာလုံးဆိုင်ရာ Global GAP (ဂလိုဘယ်ဂတ်)ကို စတင်ဆောင်ရွက်ရန်ကြိုးစားမှုသည် ဗြိတိန်နိုင်ငံရှိ လက်လီရောင်းချသူများမှ စတင်ခဲ့ပါသည်။ ၎င်းနောက်ကွယ်တွင် အချက်နှစ်ချက် ရှိသည်။ ပထမအချက်အနေဖြင့် လက်လီရောင်းချ သူတို့သည် ပြည်တွင်းထုတ်လုပ်သူများအတွက် အရည်အသွေးအာမခံသောစနစ်တစ်ခုကို ကျင့်သုံးရန်ဖြစ်သည်။ ဒုတိယအချက်မှာ ဗြိတိန်နိုင်ငံတွင် ၁၉၉ဝ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့သော အစားအစာ ဘေးအန္တရာယ်ကင်းရှင်းမှုဥပဒေသည် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ လက်လီရောင်းချသူများအပေါ်တွင်သာ တာဝန်ရှိစေခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ဥရောပနိုင်ငံများသည်လည်း စျေးကွက်တစ်ခုဆီကိုဦးတည်ရန် ကြိုးစားနေချိန် ဖြစ်သည်။ ၎င်းတွင် လတ်ဆတ်သော သီးနှံထုတ်ကုန်များတွင် အမြင့်ဆုံးပိုးသတ်ဆေးဓာတ်ကြွင်း အာနိသင်ပါဝင်မှုအဆင့် (MRLs) ကို အထူးဂရုစိုက်ပြီး ဥရောပနိုင်ငံများ၏ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်စေသည်။ ဥရောပနှင့် ဗြိတိန်နိုင်ငံများရှိ လက်လီရောင်းချသူများသည် စားသုံးသူများ ပူပန် သောကရောက်နေကြသော အစားအစာဘေး အန္တရာယ်ကင်းရှင်းမှု၊ ပတ်ဝန်းကျင်ထိခိုက်မှု၊ လုပ်သားများနှင့် တိရစ္ဆာန်များ၏ ကျန်းမာရေး၊ အန္တရာယ်ကင်းရှင်းရေး၊ လူမှုဘဝဖူလုံရေး စသည် တို့ကို ဖြေရှင်းရန်အတွက် အမျိုးမျိုးသော ကိုယ်ပိုင်စနစ်များကို အသုံးပြုခဲ့ကြသည်။ ထို့နောက်တွင်မှ အမျိုးမျိုးသော ကိုယ်ပိုင်စနစ်များကို လိုက်လျော ညီထွေမှုဖြစ်စေရန်အတွက် မည်သည့်စနစ်ကိုမှ မမှီခိုသောစနစ်တစ်ခုကို ဖော်ဆောင်ခဲ့ပါသည်။ ၎င်းမှာ EurepGAP (ယူရပ်ဂတ်)ပင် ဖြစ်ပါသည်။

ဥရောပနိုင်ငံများ၌ EurepGAP (ယူရပ်ဂတ်)ကို ၁၉၉၇ ခုနှစ်တွင် စတင်ဖော်ဆောင်ခဲ့ကြပြီး၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် တစ်ကမ္ဘာလုံးဆိုင်ရာ GlobalGAP (ဂလိုဘယ်ဂတ်)အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့သည်။ GlobalGAP (ဂလိုဘယ်ဂတ်)ဆိုသည်မှာ စားသုံးသူများ၏ လိုအပ်ချက်များကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ အသွင်သို့ ပြောင်းလဲထားသော စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကို အာမခံချက်ပေးသည့် စီမံချက်တစ်ခုပင် ဖြစ်သည်။

ထို့နောက် ၂ဝဝ၄ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ GlobalGAP (ဂလိုဘယ်ဂတ်)၏ ပုံရိပ်တစ်ခုအဖြစ် JGAP (ဂျေဂတ်)ကို လက်ခံကျင့်သုံးရန် စတင်ခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံ၌မူ ၂ဝဝ၈ ခုနှစ်တွင် VietGAP (ဗီယက်ဂတ်) ဟူ၍ အန္တရာယ်ကင်းရှင်းသော သစ်သီးနှင့်ဟင်းသီးဟင်းရွက်များ ထုတ်လုပ်ရန် အဓိက စံချိန်စံညွှန်းများနှင့် နည်းလမ်းများအဖြစ် စတင်အသုံးပြုခဲ့ကြသည်။

အာဆီယံအသင်းဝင် နိုင်ငံများတွင်လည်း ASEAN GAP (အာဆီယံဂတ်)ကို ၂ဝဝ၆ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် ASEAN GAP (အာဆီယံဂတ်)ဟူ၍ အာဆီယံနိုင်ငံတိုင်းတွင် ကိုယ်ပိုင် GAP များ ပြဋ္ဌာန်းပြီး အာဆီယံဘုံပြဋ္ဌာန်း ချက်များလည်း ရေးဆွဲပြဋ္ဌာန်းကြမည်ဟု ဆုံးဖြတ်ခဲ့ကြသည့်အတိုင်း ကြိုးစားဆောင်ရွက်ခဲ့ကြသည်။ နိုင်ငံအသီးသီးတွင် ကိုယ်ပိုင် GAP တံဆိပ်များရှိရာ လာအိုနိုင်ငံတွင် LaoGAP (လာအိုဂတ်)၊ ဗီယက်နမ်နိုင်ငံတွင် VietGAP(ဗီယက်ဂတ်)၊ မလေးရှားနိုင်ငံတွင် MyGAP (မိုင်ဂတ်) စသည်ဖြင့် အမျိုးမျိုးရှိကြသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း MyanGAP (မြန်ဂတ်) ဟူ၍ မြန်မာနိုင်ငံ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Myanmar GAP)ကို ရေးဆွဲပြဋ္ဌာန်းပြီးဖြစ်ပါသည်။

သီးနှံများအတွက် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ စံချိန်စံညွှန်းကို စိုက်ပျိုးရေးဦးစီးဌာနက မူကြမ်းရေးဆွဲခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ဖွဲ့စည်းထားသော စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာ ဆပ်ကော်မတီအဖွဲ့ဝင်များက အဆင့်ဆင့်ပြင်ဆင်ဖြည့်စွက် ညှိနှိုင်းဆွေးနွေး အတည်ပြုချက်ရရှိခဲ့ပြီးနောက် နိုင်ငံတော်စံချိန်စံညွှန်းအဖြစ် အတည်ပြုချက် ရရှိရေးအတွက် အမျိုးသားစံချိန်စံညွှန်းကောင်စီသို့ ပေးပို့တင်ပြခဲ့ရာ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၀ ရက်တွင် ကျင်းပသော အမျိုးသားစံချိန်စံညွှန်းကောင်စီ အစည်းအဝေး (၁/၂၀၂၀)မှ MMS GAP 23:2020 ဖြင့် “သီးနှံများအတွက် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများစံချိန်စံညွှန်း” ကို နိုင်ငံတော်စံချိန်စံညွှန်းအဖြစ် အတည်ပြုချက် ရရှိခဲ့ပါသည်။

မြန်မာဂျီအေပီ (Myanmar GAP)

GAP (စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ) ဆိုသည်မှာ မြေပြုပြင်စိုက်ပျိုးထုတ်လုပ်သည်မှ စားသုံးသူလက်ဝယ်ရောက်သည်အထိ ထုတ်လုပ်မှုကွင်းဆက်တိုင်းတွင် စားသုံးသူအတွက် အန္တရာယ်ဖြစ်စေမည့် ကူးစက်ညစ်ညမ်းမှုများ အနည်းဆုံးဖြစ်စေရန် လိုက်နာရမည့်နည်းလမ်းများကို စုစည်းထားသည့် စံလုပ်ထုံးလုပ်နည်းလမ်းညွှန်မှုများ ဖြစ်သည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးကောင်းမွန်စွာထုတ်လုပ်၍ ဈေးကွက်သို့ ပိုမိုတင်ပို့ရောင်းချနိုင်ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ မြန်မာ GAP အသိအမှတ်ပြုလက်မှတ် ထုတ်ပေး နိုင်ရန် တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ် GAP Inspector Team များဖွဲ့စည်း၍ ကွင်းဆင်းစစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနခွဲများ ပူးပေါင်းပါဝင်ဖွဲ့စည်းထားသော ပညာပေးရေးနှင့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ များသည် သက်ဆိုင်ရာဌာနခွဲ၊ တိုင်း/ပြည်နယ်၊ ခရိုင်တို့၏ စီမံကွပ်ကဲမှုဖြင့် (သီးနှံကာကွယ်ရေး/ မြေအသုံးချ / စိုက်ပညာ/ မျိုးစေ့) တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် တောင်သူများ ထားရှိရေးသွင်းရမည့် မှတ်တမ်းပုံစံများ ဖြန့်ဝေခြင်း၊ တောင်သူများ၏ စိုက်ကွင်းတွင် ခဲ၊ ပြဒါးနှင့် အာဆင်းနစ်စသည့် သတ္တုလေး (Heavy Metal) များပါဝင်မှုနှင့် အာဟာရဓာတ်များ ပါဝင်မှုအခြေအနေကို စစ်ဆေးနိုင်ရန် မြေ၊ ရေနမူနာများ ရယူခြင်းနှင့် ဓာတ်ခွဲခန်းသို့ပေးပို့ခြင်း၊ သီးနှံများခူးဆွတ်ပြီး နောက်ပိုင်းသတ်မှတ်ထားသော အမြင့်ဆုံးပိုးသတ် ဆေးဓာတ်ကြွင်းအာနိသင်ပါဝင်မှုကို တိုင်းတာစစ်ဆေးရန် ဆောင်ရွက်ခြင်း၊ ဘက်စုံပိုးမွှားကာကွယ်ရေး နည်းစနစ်များ အသုံးပြုဆောင်ရွက်မှု၊ စိုက်ခင်းသန့်ရှင်းရေး၊ ရေအိမ်ဆောက်လုပ်ထားရှိမှုနှင့် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ပုံစသည်တို့အပြင် ခူးဆွတ် ပြီးနောက်ပိုင်း လုပ်ငန်းစဉ်များ အဆင့်ဆင့်ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အဆင့်အတန်းခွဲခြားခြင်း၊ ထုပ်ပိုးပြုပြင်ခြင်းနှင့် အမှတ်တံဆိပ်ကပ်ခြင်းတို့တွင် စနစ်တကျ ဆောင်ရွက်ခြင်းနှင့် သန့်ရှင်းရေးလိုက်နာကျင့်သုံးမှုတို့ကို စစ်ဆေးဆောင်ရွက်ရပါသည်။

မြန်မာဂျီအေပီလျှောက်ထားခြင်းအဆင့်ဆင့်

မြန်မာဂျီအေပီကို လျှောက်ထားလိုလျှင် အောက်ပါလုပ်ငန်းအဆင့်များအတိုင်း ဆောင်ရွက်နိုင်ပါသည်။

(က) Township Admin မှ Online Digitalization ဆောင်ရွက်မှု

မြို့နယ်ဦးစီးမှူးက လျှောက်လွှာများကိုစိစစ်၍ ထောက်ခံအတည်ပြုချက်နှင့်အတူ လျှောက်လွှာ များကို GAP website သို့ Township Admin အကူအညီဖြင့် တင်သွင်းဆောင်ရွက်ရပါသည်။ လျှောက်ထားခြင်းပြီးမြောက်မှု ၂၀ ရာခိုင်နှုန်းအဖြစ် သတ်မှတ်ပါသည်။

(ခ) District Admin မှ Online Digitalization ဆောင်ရွက်မှု

ခရိုင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး၍ ရေ၊ မြေစစ်ဆေးမှုအတွက် ကူညီဆောင်ရွက်ပေးခြင်း၊ GAP လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု မှတ်တမ်းများကို ခရိုင်ဦးစီးမှူးက ထောက်ခံအတည်ပြု၍ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးထံ တင်ပြဆောင်ရွက်ပါသည်။

ခရိုင်ဦးစီးမှူး၏ ထောက်ခံအတည်ပြုချက်နှင့်အတူ စစ်ဆေးချက်မှတ်တမ်းများကို GAP website သို့ တင်သွင်းဆောင်ရွက်ရပါသည်။ လျှောက်ထားခြင်းပြီးမြောက်မှု ၅၀ ရာခိုင်နှုန်းအဖြစ် သတ်မှတ်ပါသည်။

(ဂ) Region/State Admin မှ Online Digitalization ဆောင်ရွက်မှု

ခရိုင်ဦးစီးမှူး၏ ထောက်ခံအတည်ပြုချက်ဖြင့် တင်ပြလာသော GAP လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု မှတ်တမ်းများကို တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးက စစ်ဆေးထောက်ခံ၍ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ ညွှန်ကြားရေးမှူးထံ တင်ပြဆောင်ရွက်ရသည်။ 

တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးက ထောက်ခံ အတည်ပြုချက်နှင့်အတူ စစ်ဆေးချက်မှတ်တမ်း များကို GAP website သို့ တင်သွင်းဆောင်ရွက်ရပါသည်။ လျှောက်ထားခြင်းပြီးမြောက်မှု ၇၀ ရာခိုင်နှုန်းအဖြစ် သတ်မှတ်ပါသည်။

(ဃ) Main Admin မှ Online Digitalization ဆောင်ရွက်မှု

တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး၏ ထောက်ခံချက်ဖြင့် တင်ပြလာသောမှတ်တမ်းများကို ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ GAP ဌာနစိတ်မှစိစစ်ပြီး GAP အသိအမှတ် ပြုလက်မှတ်များအားစီမံ၍ ဥယျာဉ်ခြံ၊ ဟင်းသီး ဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ ညွှန်ကြားရေးမှူး၏ ထောက်ခံချက်နှင့်အတူ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြဆောင်ရွက်ရသည်။ မြို့နယ်၊ ခရိုင်၊ တိုင်း/ပြည်နယ်များမှ ထောက်ခံ အတည်ပြုချက်များနှင့်အတူ စစ်ဆေးချက်မှတ်တမ်းများအားလုံးကို GAP website တွင် စိစစ်၍ GAP certificate ထုတ်ပေးနိုင်ရေး ဆောင်ရွက်ရပါသည်။ လျှောက်ထားခြင်းပြီးမြောက်မှု ၁၀၀ ရာခိုင်နှုန်းအဖြစ် သတ်မှတ်ပါသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးဦးစီးဌာနမှ GAP အသိအမှတ်ပြုလက်မှတ်ထုတ်ပေးသော သီးနှံများ မှာ စပါး၊ ပဲ၊ နှမ်း၊ မြေပဲ၊ ဖရဲ၊ ခရမ်းချဉ်၊ ကျွဲကော၊ သခွားမွှေး၊ ငရုတ်၊ ဂေါ်ဖီထုပ်အပါအဝင် စုစုပေါင်း သီးနှံ ၆၄ မျိုးဖြစ်ကြောင်း သိရှိရပါသည်။

GAP သည်အားလုံးအတွက်

GAP ဆိုသည်မှာ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့မှုကို ထည့်သွင်းစဉ်းစားလျက် ဘေးအန္တရာယ်ကင်းရှင်း၍ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများနှင့် အစားအစာမဟုတ်သော စိုက်ပျိုးရေးထုတ်ကုန်များကို ထုတ်လုပ်နိုင်စေရန် စိုက်ပျိုးထုတ်လုပ်နေစဉ်အတွင်းနှင့် ရိတ်သိမ်းပြီးနောက်ပိုင်း အသုံးပြုရမည့် နည်းလမ်းများကို စုစည်းထားခြင်းဖြစ်သည်။

သီးနှံထွက်ကုန်များ၏ အရည်အသွေးကျဆင်း ပျက်စီးခြင်းနှင့် စားသုံးသူအားအန္တရာယ် ဖြစ်စေနိုင် သည့် ညစ်ညမ်းမှုများကူးစက်ခြင်းတို့သည် သီးနှံစတင်စိုက်ပျိုးသည်မှ စားသုံးသူထံသို့ ရောက်သည်အထိ ဖြစ်ပေါ်နိုင်သည်။ ထိုကဲ့သို့ အဆင့်တိုင်း အဆင့် တိုင်းတွင် ဖြစ်ပေါ်နိုင်ခြင်းကြောင့် အရည်အသွေး မှန်ကန်ရေးနှင့် အစားအစာအန္တရာယ်ကင်းရှင်းရေးကို အထူးဂရုစိုက်ပြီး ဆောင်ရွက်ရပါမည်။ အစားအစာထုတ်လုပ်မှုလုပ်ငန်းစဉ်များတွင် စီမံခန့်ခွဲမှု မမှန်ကန်ခြင်းကြောင့် ပတ်ဝန်းကျင်ပျက်စီးမှုများ ဖြစ်ပေါ်လာရာ ၎င်းသည် အစားအစာထုတ်လုပ် ခြင်းလုပ်ငန်းကို လျော့နည်းပျက်စီးစေသော စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည်။ ပတ်ဝန်းကျင်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ပြီး ရေရှည်ကာလတွင် အန္တရာယ်ကင်းရှင်းသော အစားအစာများကို ထုတ်လုပ်နိုင်ရေးအတွက် ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးစနစ်တစ်ခုကို ထူထောင်ရန် အရေးကြီးလာပါသည်။

ထို့အပြင် သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် လုပ်သားများ မကျန်းမာခြင်းနှင့် လုပ်ငန်းခွင် အန္တရာယ်ရှိခြင်းတို့သည် အစားအစာများကို အရည်အသွေးညံ့စေပြီး အန္တရာယ်ဖြစ်စေနိုင်ပါသည်။ လုပ်သားများ၏ဘဝ ကျန်းမာသာယာမှုရှိရမည့်အပြင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို အထူးဂရုစိုက်ဆောင်ရွက်မှသာ အရည်အသွေးမှန်ကန်၍ အန္တရာယ်ကင်းသည့် အစားအစာများကို ထုတ်လုပ်နိုင်မည် ဖြစ်ပါသည်။

GAP ကို ရေးဆွဲပြဋ္ဌာန်းကြရာတွင် (၁) အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးကဏ္ဍ၊ (၂)ပတ်ဝန်း ကျင်ထိန်းသိမ်းရေးကဏ္ဍ၊ (၃) သီးနှံများ၏ အရည်အသွေးကဏ္ဍနှင့် (၄) လုပ်သားများကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လူမှုဘဝသာယာ ရေးကဏ္ဍတို့ပါဝင်သည်။ သီးနှံများကို စိုက်ပျိုး ထုတ်လုပ်စဉ်၊ ရိတ်သိမ်းစဉ်၊ ကိုင်တွယ်ထုပ်ပိုးစဉ် အရည်အသွေးပျက်ယွင်းခြင်းနှင့် အန္တရာယ်ဖြစ်စေသည့် ညစ်ညမ်းမှုများကူးစက်ခြင်းတို့ ဖြစ်ပေါ်နိုင်သောကြောင့် ကဏ္ဍတစ်ခုချင်းစီအတွက် စိုက်ပျိုးမည့်မြေယာသမိုင်းကြောင်းမှ တင်ပို့ရောင်းချသည်အထိ အဆင့်တိုင်း အဆင့်တိုင်းတွင် GAP ကို ကျင့်သုံးကြရမည်ဖြစ်သည်။

GAP နည်းစနစ်များနှင့်အညီ စိုက်ပျိုးပြီး ထွက်ရှိလာသော သီးနှံများတွင် ပိုးသတ်ဆေးရှိ၊ မရှိ သတ်မှတ်ထားသော အမြင့်ဆုံးပိုးသတ်ဆေး ဓာတ်ကြွင်းအာနိသင်ပါဝင်မှုအဆင့် (MRLs)ကို စစ်ဆေးပေးရပါသည်။ စတင်စိုက်ပျိုးသည်မှ သီးနှံထုတ်ကုန်ထွက်လာသည်အထိ အဆင့်အားလုံးတွင် GAP နည်းစနစ်များနှင့်အညီ စိုက်ပျိုးထားသည် မှန်ကန်လျှင် ၎င်းသီးနှံအတွက် မြန်မာ GAP အသိအမှတ်ပြုလက်မှတ်ထုတ်ပေးပါသည်။

GAP လမ်းညွှန်မှုနည်းလမ်းများနှင့်အညီ စိုက်ပျိုးထုတ်လုပ်သော သီးနှံထွက်ကုန်များမှာ အရည်အသွေးပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းသောကြောင့် စားသုံးသူများအဖို့ ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပါသည်။ ထို့ကြောင့် စားသုံးသူများပြားလာပြီး ဝယ်လိုအားမြင့်တက်လာခြင်းကြောင့် ထုတ်လုပ်သူများအနေဖြင့် စျေးနှုန်းပိုမိုရရှိခြင်း အကျိုးကျေးဇူးကို ရရှိနိုင်ပါသည်။ ထို့အပြင် နိုင်ငံခြားသို့တင်ပို့ရာတွင်လည်း GAP လမ်းညွှန်မှု နည်းလမ်းများနှင့်အညီ စိုက်ပျိုးထုတ်လုပ်သော သီးနှံထွက်ကုန်များကိုသာ အဓိကမှာယူကြခြင်းကြောင့် စိုက်ပျိုးထုတ်လုပ်သူများအဖို့ အကျိုးအမြတ်များ ပိုမိုရရှိနိုင်မှာ အသေအချာပင်ဖြစ်သည်။

စားသုံးသူများအတွက် အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းကြောင်း အာမခံချက်ပေးပြီး စိုက်ပျိုးထုတ်လုပ်သူများအတွက် အကျိုးအမြတ် ပိုမိုရရှိစေသော GAP သည် အားလုံးအတွက် ကောင်းကျိုးများကို ဖြစ်စေသည်။ ထို့အပြင် စိုက်ပျိုးသူ တောင်သူလယ်သမားများအပါအဝင် လယ်ယာလုပ်သားများပါမကျန် ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လူမှုဘဝသာယာရေးတို့ကိုပါ ထည့်သွင်းစဉ်းစားပြီး ပတ်ဝန်းကျင်ကိုပါ မထိခိုက် စေသောကြောင့် GAP သည် အားလုံးအတွက်ပင်ဖြစ်သည်။ ထို့ကြောင့် တောင်သူလယ်သမားဦးကြီး များအနေဖြင့် GAP နည်းစနစ်များနှင့်အညီ စိုက်ပျိုးထုတ်လုပ်ကြလျှင် မိမိရော၊ သူတစ်ပါးအတွက်ပါ ကောင်းကျိုးများကို ရစေမည်ဖြစ်သည့်အတွက် အားလုံးအန္တရာယ်ကင်းရှင်းစေရန် GAP နည်းစနစ် များနှင့်အညီ စိုက်ပျိုးထုတ်လုပ်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။    ။