အားလုံးပါဝင်ဆောင်ရွက်ကြရမည့် ကိုဗစ်-၁၉ လွန်ကာလ ကုစားမှု

 

မျက်မှောက်ကမ္ဘာကြီးသည် မျှော်လင့်မထားခဲ့သော အပြောင်းအလဲ ကာလတစ်ခုဆီသို့ ရောက်ရှိနေသည်။ ကပ်ရောဂါ၏ ဖိစီးထားမှုကြောင့် ကမ္ဘာ့နိုင်ငံတိုင်းမှာ သူ့အထွာနှင့်သူ ဆိုသလို ထိခိုက်ခံစား နေကြရသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာသည့် ကူးစက်မြန်ကပ်ရောဂါက လူတို့၏ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်ရုံသာမက လူတို့၏ဓနဥစ္စာနှင့် စားဝတ်နေရေးတို့ကိုပါ ကိုင်လှုပ်နေပြီဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ အနာဂတ်သည် မှုန်ဝါး မှိုင်းဝေလျက်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၏ ၀ ဒသမ ၀၆ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် မြန်မာနိုင်ငံ၏ စီးပွားရေးသည်လည်း ကိုယ့်အထွာ နှင့်ကိုယ် ထိခိုက်ခံစားရသည်။ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အားယူရုန်းထနေရသည့် မိမိတို့နိုင်ငံ၏ စီးပွားရေးအခြေ အနေမှာ ကပ်ရောဂါကြောင့် နာလန်မထူနိုင်ဖြစ်ကာ အချိန်ကာလကြာမြင့်စွာ လဲပြိုနေသည့်အခြေသို့ ဆိုက်ရောက်မသွားစေဖို့လိုသည်။ သို့ဖြစ်သည့်အတွက် လက်ရှိကြုံတွေ့နေရသည့် အရေးပေါ်အခြေ အနေများကို တုံ့ပြန်နိုင်ရေး၊ နိုင်ငံ၏ စီးပွားရေးအပေါ်တွင် သက်ရောက်နေသည့် ထိခိုက်မှုများ လျော့ပါးသက်သာစေရေး၊ ခိုင်မာသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆီသို့ အမြန်ဆုံးခုန်ပျံ ကျော်လွှားရောက်ရှိစေရေး မျှော်မှန်းချက်များဖြင့် “အားလုံး တစ်ပေါင်းတည်း ကျော်လွှားခြင်း- ကိုဗစ် -၁၉ စီးပွားရေး ကုစားမှု အစီအစဉ်"ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။

CERP ဟု အတိုကောက် ခေါ်ဆိုနိုင်သည့် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်တွင် တစ်မူထူးခြားသော ဘဏ္ဍာရေးစီမံချက်များ ပါဝင်ပြီး လူသားရင်းမြစ်နှင့် အလိုအလျောက်မူဝါဒပိုင်း တုံ့ပြန်နိုင်မှုဖြင့် ပေါင်းစပ်ထားသော ပန်းတိုင်ခုနစ်ခု၊ မဟာဗျူဟာ ၁၀ ရပ်၊ဆောင်ရွက်ရမည့် စီမံချက် ၃၆ ခုနှင့် အရေးယူဆောင်ရွက်မှု ၇၆ ခု ပါဝင်သည်။ CERP သည် မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ် ထိခိုက်မှုများ လျော့ပါးသက်သာသွားစေည့်အခြေအနေကို ရှာဖွေပေးနိုင်မှာဖြစ်ပြီး ပေါ်ပေါက်လာသည့်အခြေအနေနှင့် လိုအပ်ချက်များနှင့်အညီ ရေးဆွဲရမည့် ပြောင်းလဲနေမည့်လမ်းညွှန်(Living document) လည်း ဖြစ်သည်။ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်၏ ပန်းတိုင်ခုနစ်ရပ်တွင် ပန်းတိုင်(၁) ငွေကြေးသက်သာခွင့်များဖြင့် အသေးစား စီးပွားရေးလုပ်ငန်းကို တိုးတက်စေခြင်း၊ ပန်းတိုင်(၂) ရင်းနှီးမြှုပ်နှံမှု ကုန်သွယ်ရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍများအား တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် ပုဂ္ဂလိကကဏ္ဍအပေါ် သက်ရောက်မှုများကို ဖြေလျှော့ပေးခြင်း၊ ပန်းတိုင်(၃)အလုပ်သမားများအပေါ်သက်ရောက် မှုကို လျော့ပါးစေခြင်း၊ ပန်းတိုင်(၄) အိမ်ထောင်စုများအပေါ် သက်ရောက်မှုလျော့ပါးစေခြင်း၊ ပန်းတိုင်(၅) ဆန်းသစ်ထုတ်ကုန်များ နှင့် ပုံစံများကို တိုးမြှင့်မိတ်ဆက်ခြင်း၊ ပန်းတိုင်(၆) ကျန်းမာရေးစောင့်ရှောက်မှုစနစ်များကို အားကောင်းလာစေခြင်း၊ ပန်းတိုင်(၇) ကိုဗစ်-၁၉ တုံ့ပြန်မှုရန်ပုံငွေ သုံးစွဲနိုင်မှု မြှင့်တင်ခြင်း (အရေးပေါ် ရန်ပုံငွေအပါအဝင်)တို့ ပါဝင်ပြီး ယင်းပန်းတိုင်ရည်မှန်းချက်များ အကောင်အထည်ဖော်မှုကိုလည်းစောင့်ကြည့်စိစစ်မှုတို့ ပါဝင်သည်။

အထက်ဖော်ပြပါ ပန်းတိုင် (၇)ရပ်နှင့်တကွ ဆောင်ရွက်ရမည့် စီမံချက်များမှာ ချက်ချင်းဆောင်ရွက်မှုများ၊ ယခု ၂ဝ၂ဝ ပြည့်နှစ်အတွင်း နှစ်မကုန်မီနှင့် နှစ်ကုန်ကာလအတွင်း ဆောင်ရွက်မှုများ၊ တတ်နိုင်သမျှ မြန်မြန်ဆောင်ရွက်မှုများဖြစ်ပြီး စောင့်ကြည့်စိစစ်မှုလည်း ပြုလုပ်လျက်ရှိသည်။ ဆောင်ရွက်ရန် စီမံချက်များအလိုက် တဝန်ယူကြရသည့် အစိုးရနှင့်ဌာနအဖွဲ့အစည်းများရှိကြသလို ပုဂ္ဂလိကကဏ္ဍနှင့် ပြည်သူများကလည်း ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်ကြရန် လိုအပ်သည်။ ပေါင်းစည်းထားသည့်အင်အား၊ တစ်တပ်တစ်အား သယ်ပိုဝန်ယူမှု၊ ဝေမျှတတ်သည့်စိတ်ဓာတ်၊ စာနာရိုင်းပင်းမှု လုံ့လဝီရိယနှင့် ထိုးထွင်းကြံဆမှုတို့ဖြင့် ကိုဗစ်-၁၉ အလွန်ကာလ စီးပွားရေးအောင်မြင်မှုပန်းတိုင်ကို လှမ်းကိုင်နိုင်မည် ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း