အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ပေးအပ်ပွဲအခမ်းအနား ကျင်းပ 

 

နေပြည်တော် ၊ ဇန်နဝါရီ ၁၅

အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိခဲ့ကြသည့် ပြည်တွင်းအသက်အာမခံ ကုမ္ပဏီတစ်ခု နှင့် အထွေထွေအာမခံ ကုမ္ပဏီတစ်ခု လိုင်စင်ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၃ ရက် နံနက် ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း နှင့် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဌာန ဆိုင်ရာ အကြီးအကဲများ၊ လုပ်ငန်းအဆိုပြုလွှာစိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊ ငွေရေးကြေးရေး ကြီးကြပ် စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အာမခံလုပ်ငန်းလုပ် ကိုင်ခွင့်လိုင်စင် ရရှိကြသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ခွင့်ပြုခဲ့ခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားပြီး အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိကြသည့် A Life Insurance Co., Ltd. နှင့် A Insurance Co., Ltd. တို့ကို အသက်အာမခံနှင့် အထွေထွေအာမခံ ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်များ ပေးအပ်သည်။ ထို့နောက် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိကြသည့် အာမခံကုမ္ပဏီ (၂) ခုမှ တာဝန်ရှိသူများက ကျေးဇူးတင် စကားများ ပြောကြားခဲ့ကြပြီး မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ဗီဒီယိုမှတ်တမ်းအား ပြသသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေး အဖွဲ့အနေဖြင့် မြန်မာ နိုင်ငံတွင် အာမခံလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပြီး၊ ၂၀၁၃ ခုနှစ်တွင် အသက်အာမခံနှင့် အထွေထွေအာမခံလုပ်ငန်း နှစ်မျိုးလုံး ဆောင်ရွက်နိုင်သော ကုမ္ပဏီ (၉) ခုနှင့် အသက်အာမခံကုမ္ပဏီ (၃) ခုတို့ကို အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်များ ခွင့်ပြုခဲ့ရာတွင် စံသတ်မှတ်ချက်နှင့်ကိုက်ညီပြီး၊ မတည်ငွေ ပြည့်မီစွာထည့်ဝင်နိုင်သည့် အသက်အာမခံနှင့် အထွေထွေအာမခံလုပ်ငန်း နှစ်မျိုးလုံး ဆောင်ရွက်နိုင်သော ကုမ္ပဏီ (၈) ခုနှင့် အသက်အာမခံကုမ္ပဏီ (၃) ခုတို့ကိုသာ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်များ ထုတ်ပေးခဲ့သည်။ 


လိုင်စင်ခွင့်ပြုခြင်းမရှိခဲ့သည့် အသက်အာမခံနှင့် အထွေထွေအာမခံ လုပ်ငန်းဆောင်ရွက် နိုင်သော ကုမ္ပဏီနေရာတွင် အစားထိုးလိုင်စင် ခွင့်ပြုပေးနိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် စိတ်ဝင်စားမှုအဆိုပြုလွှာ ခေါ်ယူခဲ့ပြီး၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ အဆင့်ဆင့် စိစစ်ကာ ပြည်တွင်းအသက်အာမခံ ကုမ္ပဏီတစ်ခုနှင့် အထွေထွေအာမခံ ကုမ္ပဏီတစ်ခုတို့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ 

အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံရှိ အာမခံလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်စေရန် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး၊ လက်ရှိတွင် အာမခံကုမ္ပဏီများမှ အသက်အာမခံနှင့် အထွေထွေအာမခံအပါအဝင် အာမခံအမျိုးအစား (၃၉) မျိုး ဝန်ဆောင်မှု ပေးလျက်ရှိသည်။ 


ယခုအခါ မြန်မာနိုင်ငံ၏အာမခံလုပ်ငန်းကဏ္ဍတွင် ပြည်တွင်း/ပြည်ပ အာမခံကုမ္ပဏီ (၂၆) ခုတို့ကို အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်များ ပေးအပ်ခဲ့ပြီးဖြစ်ရာ နိုင်ငံပိုင်မြန်မာ့အာမခံ လုပ်ငန်းအပါအဝင် အာမခံကုမ္ပဏီများက အများပြည်သူများအတွက် အသက်နှင့် အထွေထွေ အာမခံဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

သတင်းစဉ်