အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၂) ကြိမ်မြောက် အစည်းအဝေးကျင်းပ

နေပြည်တော် ၊ မေ ၁၉

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၂) ကြိမ်မြောက်(ပုံမှန်) အစည်းအဝေး (၂/၂၀၂၃) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရုံးအမှတ် (၃၄) ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အမှာစကားပြောကြားပြီး အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ယခင် အစည်းအဝေး (၁/၂၀၂၃) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီး စီးမှုအခြေအနေ၊ အသက်အာမခံ အမျိုးအစားသစ် ဆောင်ရွက်ခွင့်ပြုရန်ကိစ္စ၊ ကော်ပိုရိတ် အထွေထွေအာမခံ ကိုယ်စားလှယ်အဖြစ် လျှောက်ထားလာသူများအား လုပ်ငန်းလုပ်ကိုင် ခွင့်ပြုရေးကိစ္စရပ်တို့ကို ဆွေးနွေးအတည်ပြုခဲ့ကြပြီး၊ ဌာနတွင်း အာမခံကိုယ်စားလှယ် လေ့ကျင့်ရေးစင်တာ တည်ထောင်ခွင့်ပြုရေး၊ အာမခံကိုယ်စားလှယ် လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးရေး၊ နှစ်တိုငွေပင်ငွေရင်း အသက်အာမခံပေါ်လစီတွင် ဆေးရုံတက်စရိတ် အကျိုးခံစားခွင့်ကို ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း ထပ်ဆောင်း ပေးအပ်ရေးနှင့် ရုံးခွဲသစ်ဖွင့်လှစ်ခွင့်ပြုရေးကိစ္စတို့ကို မှတ်တမ်းတင် အတည်ပြုခဲ့ကြသည်။

 

ယခုအခါ မြန်မာနိုင်ငံ၏ အာမခံဈေးကွက်တွင် ရာနှုန်းပြည့်နိုင်ငံခြားသားပိုင် အသက်အာမခံကုမ္ပဏီ ၅ ခု၊ ဖက်စပ်အသက်အာမခံကုမ္ပဏီ ၃ ခု၊ နိုင်ငံသားပိုင် အသက်အာမခံကုမ္ပဏီ ၉ ခု၊ ဖက်စပ်အထွေထွေ အာမခံကုမ္ပဏီ ၃ ခု၊ နိုင်ငံသားပိုင် အထွေထွေအာမခံကုမ္ပဏီ ၆ ခုနှင့် မြန်မာ့ အာမခံလုပ်ငန်းအပါအဝင် အာမခံကုမ္ပဏီ ၂၇ ခုတို့မှ အာမခံဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး အာမခံကုမ္ပဏီများမှ အသက်နှင့် အထွေထွေအာမခံ အမျိုးအစားပေါင်း ၄၀ ကျော်ကို ဝန်ဆောင်မှုပေး လျက်ရှိကြောင်းနှင့် အာမခံလုပ်ငန်းကြီးကြပ် ရေးအဖွဲ့အနေဖြင့် အာမခံကုမ္ပဏီများက အဆိုပြုတင်ပြလာကြသော အသက်အာမခံနှင့် အထွေထွေအာမခံအမျိုးအစားသစ်များကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပြီး မြန်မာ့အာမခံလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)