အားနည်းသူကို အားပေးကူညီ စောင့်ရှောက်မြှင့်တင်

 

မြန်မာနိုင်ငံသည် လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားပြီး အားနည်းသူများကိုလည်း ခွဲခြားဆက်ဆံခြင်း မပြုဘဲအားပေးကူညီ စောင့်ရှောက်မြှင့်တင်ပေးလျက် ရှိသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်က ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (IDPD) ၏ “အားလုံးအကျုံးဝင် လက်လှမ်းမီပြီး ရေရှည်တည်တံ့သည့် ကိုဗစ်-၁၉ အလွန်ကမ္ဘာဖြစ်ပေါ်ရေး မသန်စွမ်းသူများ ဦးဆောင် ပါဝင်ကြိုးစားပေး” ဆောင်ပုဒ်နှင့်အညီ မသန်စွမ်းသူများ၏ အခန်းကဏ္ဍကိုတိုးတက်အောင် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

မြန်မာနိုင်ငံအနေဖြင့်  မသန်စွမ်းသူများအား  အစဉ်အဆက်အားပေးကူညီ ထောက်ပံ့မြှင့်တင် ပေးလျက်ရှိသည်။ လက်ရှိတွင် မသန်စွမ်းသူများ၏ အခွင့်အရေး ဆိုင်ရာ မဟာဗျူဟာငါးနှစ်စီမံကိန်း (၂၀၂၂-၂၀၂၇)ကို  မြန်မာနိုင်ငံ၏  ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)၊ မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးထားသော အာဆီယံမဟာဗျူဟာ လုပ်ငန်းအစီအစဉ် ၂၀၂၅ တို့နှင့်အညီ ရေးဆွဲထားပြီး မကြာမီ အတည်ပြုနိုင်တော့မည် ဖြစ်သည့်အတွက် မသန်စွမ်းသူများ၏ အခွင့်အရေး ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။

 

မသန်စွမ်းသူများသည် အားနည်းသောဘဝကို ရောက်နေခဲ့သော်လည်း ဘဝကိုအရှုံးမပေးဘဲ  ရပ်တည်နိုင်ရေးအတွက် မိမိကိုယ်ကို ရုန်းထ၊ မိမိကိုယ်ကိုအားကိုး ကြံ့ကြံ့ခံရပ်တည်နေကြသည်။ ထို့ကြောင့် မသန်စွမ်းသူများအား ခွဲခြားဆက်ဆံမှု မရှိစေရေးနှင့်  အများတန်းတူ ရပ်တည်နိုင်ရေးအတွက်   နိုင်ငံတော်အနေဖြင့် လည်းကောင်း၊ ပတ်ဝန်းကျင်အနေဖြင့်လည်းကောင်း   ဝိုင်းဝန်းကူညီစောင့်ရှောက် ပေးရမည်ဖြစ်သည်။ မသန်စွမ်းသူများကို  ထောက်ပံ့ကူညီပေးနိုင်ရေးအတွက် မြန်မာနိုင်ငံအနှံ့တွင် ရှိနေသော  မသန်စွမ်းသူများစာရင်းကို  တိကျစွာရရှိရေး အရေးကြီးသည်။

 

ထို့ကြောင့်  မသန်စွမ်းသူများအဆင့်သတ်မှတ်ခြင်းနှင့်  မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို နိုင်ငံတော်အစိုးရက ဆောင်ရွက်နေပြီဖြစ်သည်။ အဆိုပါလုပ်ငန်းကို ကနဦး စီမံကိန်းနယ်မြေအဖြစ် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်နှင့် ကရင်ပြည်နယ် ဘားအံမြို့နယ်တို့တွင် ဆောင်ရွက်သွား မည်ဟု သိရသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်း သူဦးရေ ၂ ဒသမ ၃ သန်း (နိုင်ငံ့လူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်း)ရှိရာ မသန်စွမ်း သူများလူဦးရေကို ပိုမိုတိကျစွာသိရှိနိုင်ရန်အတွက် မှတ်ပုံတင်လုပ်ငန်းကို အလေးထား ဆောင်ရွက်ရမည်ဖြစ်သည်။

 

မသန်စွမ်းသူများသည်  မွေးရာပါအရသော်လည်းကောင်း၊   မတော်တဆ ထိခိုက်မှုအရသော်လည်းကောင်း ကိုယ်လက်အင်္ဂါ ချို့ယွင်းရခြင်းဘဝ ဖြစ်လာရ ခြင်းဖြစ်ရာ  မိမိဘဝအပေါ် အားငယ်ခြင်းမဖြစ်စေရန်အတွက် အခြားလူအများနှင့် တန်းတူဘဝတွင်  ဆက်လက်ရပ်တည်နိုင်ရေးအတွက်  အားပေးမြှင့်တင်  ကူညီ စောင့်ရှောက်ပေးရမည် ဖြစ်သည်။

 

ယခုအခါ မသန်စွမ်းသူများ ဂုဏ်သိက္ခာရှိစွာဖြင့် အမှီအခိုကင်းစွာရပ်တည် နိုင်ရေးအတွက် နိုင်ငံတော်အစိုးရက မသန်စွမ်းမှု အမျိုးအစားအလိုက် သက်ဆိုင်ရာဒေသနှင့်ကိုက်ညီသော   အသက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေများ ရရှိရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် မသန်စွမ်းသူများ ရေရှည်အကျိုးဖြစ်ထွန်းစေမည့် ရန်ပုံငွေ ကျပ်သုံးဘီလီယံကို အရင်းမပျောက် မတည်ငွေအဖြစ် ထူထောင်ပြီးဖြစ်သည့်အတွက် ကိုဗစ်-၁၉ အလွန်ကာလများတွင် အသေးစား၊  အလတ်စား စီးပွားရေးလုပ်ငန်းများနှင့်ပူးပေါင်းပြီး  ဆက်လက် အကောင်အထည်ဖော်    ဆောင်ရွက်သွားမည်ဖြစ်သည်။ မသန်စွမ်းသူများနှင့် မိသားစုများအတွက် အရင်းမပျောက် ချေးငွေများထုတ်ချေးပေးခြင်းဖြင့် အသေးစား စီးပွားရေးလုပ်ငန်းများတွင် မသန်စွမ်းသူများ ပါဝင်ဆောင်ရွက်လာနိုင်မည်ဖြစ်သည်။

 

ထူးခြားမှုအနေဖြင့်  မသန်စွမ်းသူများအတွက်    အတားအဆီးကင်းသော ပတ်ဝန်းကျင်ဖြစ်စေရန်အတွက် နေပြည်တော်မြို့မဈေးနှင့် ရေပန်းဥယျာဉ်တို့တွင် စံနမူနာပြဆောင်ရွက်ထားရှိပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက မိမိတို့ဒေသအလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တိုက်တွန်းထားသည်။ သို့ဖြစ်ရာ ဘဝကံအကြောင်းကြောင်းကြောင့် မသန်စွမ်းဘဝကို ရရှိလာသော်လည်း အားမလျှော့စိတ်မပျက်ဘဲ မိမိတို့ဘဝကို ဂုဏ်သိက္ခာရှိစွာနှင့် အမှီအခိုကင်းစွာ ရပ်တည်နေထိုင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ပေးနေမှုများတွင်   ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။       

 

ကြေးမုံ