အာဖဂန်စစ်ပွဲနဲ့ ငြိမ်းချမ်းရေးလမ်းစ

ကလျာမိုးမြင့်

အာဖဂန်နစ္စတန်မှာ ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်နေတာတွေကို ယာယီရပ်စဲဖို့ သဘောတူလိုက်ပြီဖြစ်တဲ့အကြောင်း တာလီဘန် စစ်သွေးကြွအုပ်စုက ဒီဇင်ဘာ ၂၉ ရက်ကပဲ ကြေညာလိုက်ပါတယ်။ ဒီလိုကြေညာလိုက်ခြင်းက အမေရိကန်နဲ့ အာဖဂန်အစိုးရတို့နဲ့အတူ ငြိမ်းချမ်းရေးသဘောတူညီမှု အလားအလာတစ်ခုကို ရှေ့ဆက်အကောင်အထည်ဖော်နိုင်တော့ မယ်ဆိုတဲ့ မျှော်လင့်ချက်ကို ပေးနေပါတယ်။


ယာယီသဘောတူညီမှုကြေညာ
ကတိပေးထားတဲ့ အချိန်ကာလသတ်မှတ်ချက်နဲ့ ပတ်သက်ပြီး အတိအကျ မသိရသေးပေမယ့် ယာယီသဘောတူညီမှုကိုတော့ ကြေညာလို့ပြီးသွားပြီလို့ တာလီဘန်အဖွဲ့ အာဏာပိုင်အချို့ရဲ့ ပြောစကားကို အေပီသတင်းက ဦးစွာဖော်ပြခဲ့တာကို တွေ့ရပါတယ်။ တချို့တွေကတော့ ဒီသဘောတူညီမှုဟာ အနည်းဆုံး ၁ဝ ရက်လောက်တော့ ကြာလိမ့်မယ်လို့ ထင်ကြေးပေး နေကြတာ တွေလည်းရှိသလို ဆိုင်းငံ့နေတဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုကို တာလီဘန် ခေါင်းဆောင်က လက်မှတ်ထိုးလိမ့်မယ်လို့ ခန့်မှန်းတွက်ဆနေကြတာတွေလည်း ရှိနေပါတယ်။


စစ်ပွဲအဆုံးသတ်စေချင်
အမေရိကန်ဟာ နိုင်ငံသမိုင်းကြောင်းမှာ အရှည်ကြာဆုံးဖြစ်ပွားနေတဲ့ စစ်ပွဲအဆုံးသတ်စေဖို့ သမ္မတထရမ့်ကို ငြိမ်းချမ်းရေး သဘောတူစာချုပ်မှာ လက်မှတ်ထိုးစေချင်နေပြီဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာ အယ်လ်ခိုင်ဒါအဖွဲ့က အမေရိကန်ကို မမေ့နိုင်တဲ့ တိုက်ခိုက်မှုတစ်ခုလုပ်ဆောင်ခဲ့ပြီးနောက် စတင်ဖြစ်ပွားလာခဲ့တဲ့ စစ်ပွဲဟာ ၁၈နှစ်တောင် ကြာမြင့်ခဲ့ပါပြီ။


ခိုင်မာသေချာတဲ့ သဘောတူညီမှုတစ်ခုရရှိဖို့ သမ္မတထရမ့်အစိုးရအဖွဲ့ရဲ့ ကနဦးကြိုးပမ်းမှုတွေဟာဆိုရင်လည်း အမေရိကန်က လိုလားတဲ့ ကတိကဝတ်တွေကို တာလီဘန်တွေက ပေးလိုဟန်မရှိတဲ့အတွက် ကြိုးစားသမျှအရာမထင်ဖြစ်ခဲ့ပြီး တန့်ရပ်နေခဲ့ရပါတယ်။


တိုက်ရိုက်ဆွေးနွေးခြင်းသာ အခရာကျ

အေပီသတင်းဖော်ပြချက်အရ ငြိမ်းချမ်းရေးသဘောတူညီမှု ရဖို့ဆိုရင် အာဖဂန်ရဲ့ အနာဂတ်ကို ပုံဖော်နိုင်ဖို့ တာလီဘန်တွေနဲ့ အာဖဂန်အစိုးရအဖွဲ့ကြားမှာ တိုက်ရိုက်ဆွေးနွေးခြင်းကသာ အခရာကျတယ်လို့ ဆိုထားပါတယ်။ တိုက်ရိုက်ညှိနှိုင်းဆွေးနွေးမှုလို့ ဆိုရာမှာလည်း လွတ်လပ်စွာပြောဆိုခွင့်၊ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ၊ တာလီဘန်တိုက်ခိုက်ရေးအဖွဲ့သားတွေရဲ့ ကံကြမ္မာနဲ့ အာဖဂန်စစ်ဘက် အကြီးအကဲတွေ ဘာဖြစ်လာနိုင်တယ် ဆိုတာတွေအထိ လမ်းဖွင့်ပေးမယ့် အကြောင်းအရာ ခေါင်းစဉ်အမျိုးမျိုး ပါဝင်လာနိုင်ပါတယ်။


သမ္မတထရမ့်ရဲ့ သဘောထားအမြင်ကို တွက်ဆကြည့်မယ်ဆိုရင် ထရမ့်ဟာ ငွေကုန်ကြေးကျများတဲ့ ပြည်ပကပဋိပက္ခ ဖြစ်ပွားမှုတွေမှာ အမေရိကန်က နေရာတကာပါဝင်နေတာကို သဘောမကျပါဘူး။ ပြီးတော့ ယခုနှစ်အစော ပိုင်းမှာတုန်းကလည်း ဆီးရီးယားမှာချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ကောက်ကာငင်ကာ ရုပ်သိမ်းတဲ့ကိစ္စကလည်း နိုင်ငံတကာအသိုင်းအဝိုင်းမှာ အငြင်းပွားစရာကိစ္စတွေကို ပေါ်ပေါက်လာစေခဲ့ပါတယ်။


ဖျက်သိမ်း

အမေရိကန်တပ်ဖွဲ့ဝင်တွေချထားတဲ့ အာဖဂန်မှာလည်း စစ်ပွဲကြီးပြီးဆုံးသွားဖို့ ထရမ့်ရဲ့ အစိုးရအဖွဲ့က အကြီးအကျယ် လုံးပန်းနေပါတယ်။ လက်ရှိ အာဖဂန်မှာချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်ဟာ ၁၂၀၀၀ ရှိပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း သမ္မတထရမ့်က တာလီဘန် ခေါင်းဆောင်တွေနဲ့ အာဖဂန်သမ္မတ အက်ရှရက်ဖ်ဂါနီတို့နဲ့ လျှို့ဝှက်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီဆိုတဲ့အကြောင်း တွစ်တာပေါ်မှာ လူသိရှင်ကြား ကြေညာခဲ့ပါတယ်။


ထရမ့် ဒေါသထွက်

တကယ်ဆိုရင် ဒေးဗစ်အပန်းဖြေစခန်းမှာ တာလီဘန်အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်တွေနဲ့ သပ်သပ်၊ အာဖဂန်သမ္မတနဲ့ သက်သက်စီဆိုပြီး သီးခြားစီ တွေ့ဆုံဖို့လုပ်ထားခဲ့တာ၊ ကံမကောင်းစွာနဲ့ပဲ တာလီဘန်တွေဟာ ကဘူးလ်မြို့ကို တိုက်ခိုက်မှု တစ်ခုလုပ်ဆောင်ခဲ့ပြီး ကျွန်ုပ်တို့ရဲ့ တပ်ဖွဲ့ဝင်တစ်ဦးကို သတ်ဖြတ်လိုက်တဲ့အတွက် ဆွေးနွေးပွဲကို ချက်ချင်းဖျက်သိမ်း လိုက်သလို ငြိမ်းချမ်းရေးညှိနှိုင်းမှုတွေကိုလည်း ရပ်ဆိုင်းပစ်လိုက်တယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။


ဒီလောက်အရေးကြီးတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေလုပ်ဆောင်နေတဲ့အချိန်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူထားချိန်မှာ တောင်မှ အမေရိကန် တပ်ဖွဲ့ဝင် တစ်ဦးအပါအဝင် အပြစ်မဲ့တဲ့လူ ၁၁ ဦးကိုသတ်ဖြတ်လိုက်တယ် ဆိုမှတော့ ငြိမ်းချမ်းရေးကိစ္စကို ဒီလူတွေနဲ့ညှိနှိုင်းလို့ ဘာအဓိပ္ပာယ်မှ မရှိနိုင်ဘူး။ နောက်ထပ် ဆယ်စုနှစ်ဘယ်နှခုလောက်အထိ တိုက်ခိုက်နေချင် ကြသေးတာလဲလို့ သမ္မတထရမ့်က တွစ်တာပေါ်မှာ ဒေါသတကြီး မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။


ငြိမ်းချမ်းရေး အရိပ်အယောင်

ဒီကိစ္စတွေဖြစ်ပြီးတဲ့နောက်မှာ လမ်းစပျောက်သွားပြီလို့ ထင်ရတဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုဟာ အာဖဂန်ကို သမ္မတထရမ့် မမျှော်လင့်ဘဲ ရောက်ချလာတဲ့ ခရီးစဉ်အတွင်းမှာပဲ အရိပ်အယောင်ပြန်မြင်လာရပါတယ်။ တကယ်လို့ တာလီဘန်တွေက သဘောတူညီမှုတစ်ခုပြုလုပ်ဖို့ အမှန်တကယ် လိုလားနေတာဆိုရင် စကားပြောဆိုဆွေးနွေးတာတွေ ပြန်စမယ်လို့ အာဖဂန် သမ္မတ အက်ရှရက်ဖ်ဂါနီနဲ့ တွေ့ဆုံခဲ့စဉ်အတွင်း သမ္မတထရမ့်က ပြောကြားခဲ့တာပါ။


အခုအချိန်မှာ တာလီဘန်တွေဘက်က သဘောတူညီမှုတစ်ခုရဖို့ ဣန္ဒြေမဆည်နိုင်လောက်အောင်ကိုဖြစ်နေတာလို့ ထရမ့်က ဆိုပါတယ်။ ပြီးတော့ အာဖဂန်မှာချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ အရေအတွက်ကို ၈၆၀၀ လောက်ပဲချန်ပြီး လျှော့ချချင်တယ်လို့ ၎င်းရဲ့ဆန္ဒကို ထရမ့်က ထုတ်ဖော် ပြောခဲ့ပါသေးတယ်။

 

အလားအလာရှိနိုင်

ပြီးခဲ့တဲ့ရက်ပိုင်းက အာဖဂန်မြောက်ပိုင်း တက်ဟာပြည်နယ်မှာ တာလီဘန်အဖွဲ့လက်ချက်လို့ ယူဆရတဲ့ တိုက်ခိုက်မှု တစ်ခုအတွင်း လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ရပြီးတဲ့နောက် အပစ်အခတ်ရပ်စဲမှုနဲ့ ငြိမ်းချမ်းရေးသဘောတူညီမှု အလားအလာ ရှိနိုင်ကြောင်း သတင်းရင်းမြစ်အချို့မှာ ဖော်ပြလာကြပါတယ်။


ဒါပေမယ့် ဒီတိုက်ခိုက်မှုမှာတော့ သေဆုံးသူတွေဟာ အမေရိကန် တပ်ဖွဲ့ဝင်တွေ မဟုတ်ဘူး၊ ဒေသတိုက်ခိုက်ရေးအုပ်စုတွေလို့ သိရပါတယ်။ တာလီဘန် အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဇာဟူလာ မူဂျာဟစ်က ၎င်းတို့စစ်သွေးကြွအဖွဲ့ဟာ သေနတ်သမား ၂၁ ဦးကိုသတ်ပြီး လက်နက်တွေသိမ်းယူခဲ့တယ်လို့ ထုတ်ပြောခဲ့ပါတယ်။


ကတိကဝတ်တွေစောင့်ထိန်းဖို့လို

အမေရိကန်၊ တာလီဘန်နဲ့ အာဖဂန်အစိုးရတို့ကြားမှာ ရပ်တန့်လိုက်၊ ပြန်စလိုက်ဖြစ်နေတဲ့ ဆွေးနွေးပွဲတွေဟာ ရေရာတဲ့ အခြေအနေတစ်ခုကို ပုံဖော်ပေးနိုင်ခြင်းမရှိသေးတာကြောင့် အာဖဂန်စစ်ပွဲ အဆုံးသတ်ဖို့ဆိုတာဟာ ခုချိန်ထိကတော့ ခက်ခဲနေဆဲပါပဲ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း အာဖဂန်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၄၀၀၀ ကို ရုပ်သိမ်းဖို့ အမေရိကန် အစိုးရက ကြေညာဖို့ရည်ရွယ်ထားတယ်လို့ သတင်းဖော်ပြမှုတွေ ရှိခဲ့ပါတယ်။


တပ်ဖွဲ့ဝင်တချို့ကို ပြင်ဆင်တပ်ဖြန့်မှုတွေ လုပ်ဆောင်ဖို့ရှိပြီး ကျန်တပ်ဖွဲ့ဝင်တွေကိုလည်း မစ်ရှင်တွေပြီးသွားရင် ၎င်းတို့နေရာမှာ တပ်သားသစ် အစားထိုးတော့မှာ မဟုတ်ဘူးလို့ အမေရိကန်မှာရှိတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အာဖဂန်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူကတော့ တပ်ဖွဲ့ဝင်အရေအတွက်လျှော့ချဖို့နဲ့ပတ်သက်ပြီး ဘာညွှန်ကြားချက်မှ ရမထားသေးဘူးလို့ ဆိုထားပါတယ်။ ဒီလိုရုပ်သိမ်းဖြစ်ခဲ့ရင်တော့ အဲဒီအတွက် အပြန်အလှန်အနေနဲ့ တာလီဘန်တွေဘက်က အကြမ်းဖက်မှုတ ွေလျှော့ချဖို့အပါအဝင် စောင့်ထိန်းရမယ့် ကတိကဝတ်တွေလည်း ရှိလာဦးမှာပါ။ ကိုးကား - အေပီ