အာဖဂန်နစ္စတန် အရှေ့ပိုင်း တိုက်ပွဲဖြစ်ပွား ရဲတပ်ဖွဲ့ဝင် သုံးဦး နှင့် စစ်သွေးကြွ ငါးဦးသေဆုံး

၂၃ သြဂုတ်


အာဖဂန်နစ္စတန် အရှေ့ပိုင်း နာဂါဟာ ပြည်နယ်တွင် ညလုံးပေါက်တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်သုံးဦး နှင့် စစ်သွေးကြွ ငါးဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး က ယနေ့အတည်ပြုပြောကြားခဲ့သည်။


ခေါင်ရာနီ ခရိုင် ရှိ ဂါဇနီ အဘတ်ဒ် ရဲတပ်ဖွဲ့စစ်ဆေးရေးဂိတ် ကို တာလီဘန်တို့ ညလုံးပေါက်တိုက်ခိုက်ခဲ့ရာ အာဖဂန် ဒေသခံ ရဲတပ်ဖွဲ့ (ALP)က ၎င်းတို့ကို ပြန်လည်တိုက်ခိုက်ခဲ့သည်။


ယင်းတိုက်ပွဲတွင် အာဖဂန်ဒေသခံရဲတပ်ဖွဲ့ဝင် သုံးဦး နှင့်  စစ်သွေးကြွ ငါး ဦး သေဆုံးခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ အတ်တာဟူးလပ်ရှ် ခေါင်ရာနီ က သတင်းထောက်များကို ပြောကြားခဲ့သည်။


ထိုတိုက်ပွဲဖြစ်ပွားနေစဉ် ရဲတပ်ဖွဲ့ဝင်နှစ်ဦး နှင့် စစ်သွေးကြွ ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်း က ထပ်လောင်းပြောကြားခဲ့သည်။


နွေဦး နှင့် နွေရာသီတို့တွင် အစိုးရတပ်ဖွဲ့များနှင့် တာလီဘန်စစ်သွေးကြွများအကြား မကြာခဏ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားသောကြောင့်   ဒေသအလိုအရ တိုက်ပွဲဖြစ်ပွားသောရာသီ အဖြစ် သတ်မှတ်ထားသည်။


ကိုးကား- ဆင်ဟွာ


ဘာသာပြန်- မြင့်မြင့်ချို