အာဖဂန်နစ္စတန် အရှေ့ပိုင်းတွင် ရေကြီးမှုဖြစ်ပွားသဖြင့် လူ၂၅ ဦး သေဆုံး၊ ၄၀ ဒဏ်ရာရ

၂၆ ဩဂုတ်

 

 

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ပါဝန်ပြည်နယ်တွင် ယမန်နေ့ညပိုင်းက မိုးသည်ထန်စွာ ရွာသွန်းကာ ရေကြီးမှုဖြစ်ပွားသဖြင့် လူ ၂၅ ထက်မနည်း သေဆုံးပြီး အယောက် ၄၀ ဒဏ်ရာရရှိခဲ့သည်ဟု ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် ပြောကြားခဲ့သည်။

 

 

ယမန်နေ့ညနှောင်းပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်နယ်အလယ်ပိုင်းရှိ လူနေဒေသတွင် ရေကြီးမှုများ ဖြစ်ပေါ်ကာ လူအများ ဒဏ်ရာရ သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဝါဟီဒါ ရှာရှ်ကာက သတင်းထောက်များကို ပြောကြားခဲ့သည်။

 

 

ယမန်နေ့တစ်ညတာလုံး ရေကြီးမှုဖြစ်ပွားကာ နေအိမ် ၁၀ လုံးနှင့် ကျယ်ပြန့်သော စိုက်ပျိုးမြေများ ပျက်စီးခဲ့ပြီး ရွာသား ၂၅ ဦး ထက်မနည်း သေဆုံးပြီး အခြား အယောက် ၄၀ ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

 

 

ဒေသခံအစိုးရ တာဝန်ရှိသူများနှင့် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြည်နယ်အုပ်ချုပ်ရေးမှူး အဖွဲ့တို့သည် ရေဘေးသင့် ပြည်သူများအား အကူအညီပေးရန် ထိုကျေးရွာများသို့ မကြာမီသွားရောက်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

 

 

အဆိုပါရေကြီးမှုကြောင့် ထိခိုက်သေဆုံးသူများ ပိုမိုများပြားနိုင်ဖွယ် ရှိသည်ဟု ၎င်းက ပြောကြားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို