အာဖဂန်နစ္စတန်မြောက်ပိုင်း တာလီဘန် တို့ တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံး

၂၈ မေ

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Samangan ပြည်နယ်ရှိ လုံခြုံရေးဂိတ်များကို တာလီဘန်စစ်သွေးကြွများ တိုက်ခိုက်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးခဲ့သည်ဟု ခရိုင်အုပ်ချုပ်ရေးမှူး Abdul Yaqin က ယနေ့အတည်ပြု ပြောကြားခဲ့သည်။

Abdul Yaqin ပြောကြားချက်အရ ယမန်နေ့နှောင်းပိုင်း က Dara-e-Suf Payan ခရိုင်ရှိ လုံခြုံရေးဂိတ်များကို ထိုစစ်သွေးကြွများက  စတင်တိုက်ခိုက်ခဲ့ရာ နာရီ အနည်းငယ်ကြာမြင့်ခဲ့သည်ဟု သိရသည်။

ယင်းသို့တိုက်ခိုက်ခဲ့သည့် စစ်သွေးကြွများ၏ ထိခိုက်ဒဏ်ရာရသေဆုံးမှုကို ဖော်ပြနိုင်ခြင်းမရှိသော်ငြားလည်း ၎င်းစစ်သွေးကြွများသည် ဒဏ်ရာပြင်းထန်စွာရရှိပြီး ထွက်ပြေးသွားကြောင်း တာဝန်ရှိသူများက ဆိုသည်။

ထိုတာလီဘန်စစ်သွေးကြွအုပ်စုက အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ယခုထိ တစ်စုံတစ်ရာ ပြောကြားခြင်းမရှိပေ။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို