အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်တွင် ပေါက်ကွဲမှုဖြစ်ပွား ခုနစ်ဦးထက်မနည်း သေဆုံး

၁၃ နိုဝင်ဘာ

 

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ် အနီး ကာဆာဘာမြို့ရှိ လူစည်ကားရာ လမ်းတွင် ယနေ့မနက် ရုံးတက်ချိန်၌ ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပွားခဲ့သဖြင့် ထိခိုက်ဒဏ်ရာရမှုနှင့် အပျက်အဆီးများ ဖြစ်ပေါ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

 

ကနဦးသတင်းအရ အရပ်သား ခုနစ်ဦး သေဆုံးခဲ့ပြီး အခြား ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာရတ် ရာဟီမီ က တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။

 

အဆိုပါ ပေါက်ကွဲမှုကြောင့် မီးခိုးလုံးများ အထက်သို့ မြင့်တက်လာကြောင်းနှင့် အနီးနားရှိ အဆောက်အဦများ၊ မော်တော်ယာဉ်များ ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

 

ပြည်ထဲရေးဝန်ကြီးဌာန၏ နောက်ကျောဘက် လမ်းတစ်လျှောက် ပြေးဆွဲနေသော သံချပ်ကာ ဂျစ်ကားတစ်စီးကို ပစ်မှတ်ထားကာ အသေခံ ကားဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေ အဘဒူလ် ဆာရှ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

အဆင့်မြင့် တာဝန်ရှိသူ တစ်ဦး လိုက်ပါလာသော ယင်းဂျစ်ကားကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ဖွယ်ရှိကြောင်း ၎င်းက ပြောကြားသည်။

 

ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မည်သည့်အုပ်စုမှ မှတ်ချက်ပြုပြောကြားခြင်း မရှိသေးပေ။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို