အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းတွင် ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား ၂၂ ဦး ဒဏ်ရာရ

၁၇ ဒီဇင်ဘာ

 

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဘော်လကန်ပြည်နယ် မြို့တော်မာဇာအိုင်ရှာရစ်ဖ်တွင် ယနေ့ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့သဖြင့် ၂၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ကျန်းမာရေး တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

 

ယနေ့မနက်ပိုင်းက မြို့တော်မာဇာအိုင်ရှာရစ်ဖ် တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သဖြင့်  ဒဏ်ရာရရှိသူ ၂၂ ဦးကို ဘော်လကန်ဒေသဆေးရုံ ၏ အရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထိုဆေးရုံမှ ရှာဖီကူလရှ် က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

အဆိုပါ မြို့တော်၏ အာလိုကိုဇိုင် ရင်ပြင်တွင် ဒေသစံတော်ချိန် မနက် ၉ နာရီခန့်က လမ်းဘေး၌ ရပ်ထားသည့် စက်ဘီးတစ်စီးတွင် တွဲချည်ထားသော လက်လုပ်ဗုံးတစ်လုံးမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ထိုပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အာဒယ် ရှာအာဒယ် က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

ယင်းဒဏ်ရာရသူများတွင် အာဖဂန်အမျိုးသားရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦး နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ငါးဦးတို့ ပါဝင်ကြောင်း အာဒယ်က ထပ်လောင်းပြောကြားခဲ့သည်။

 

ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး မည်သည့်အုပ်စုမှ ဝန်ခံပြောကြားခြင်း မရှိသေးပေ။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို