မတ် ၃၀

အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်း ဟီရတ်ပြည်နယ်တစ်ဝန်းတွင် လွန်ခဲ့သောနှစ်အတွင်း ခရီးသွားဦးရေ ၃၂၀ ထက်မနည်းသေဆုံးပြီး ၁၆၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာ TOLOnews က ယနေ့တွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်တစ်ပတ်အတွင်းမှာပင် လူ ၁၁ ဦး သေဆုံးပြီး ၄၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ဆေးရုံမှတ်တမ်းများအရ ဆေးရုံတာဝန်ရှိသူ၏ ပြောကြားချက်ကို TOLOnews သတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။

မြောက်ပိုင်း ဘာဒက်ရှန်ပြည်နယ်ရှိ အာဏာပိုင်များက တစ်နှစ်တာကာလအတွင်း ယာဉ်မတော်တဆမှု ၁၂၂ မှုတွင် ခရီးသည် ၁၃၆ ဦး သေဆုံးပြီး ၁၇၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံသား ထောင်ပေါင်းများစွာသည် နှစ်စဉ် ယာဉ်မတော်တဆမှုများတွင် သေဆုံးကြပြီး အများစုသည် ပေါ့ဆစွာမောင်းနှင်မှု၊ ယာဉ်များ ဝန်ပိုတင်ဆောင်မှု၊ လမ်းအခြေအနေညံ့ဖျင်းမှု၊ ယာဉ်အသွားအလာလမ်းညွှန်ဆိုင်းဘုတ်များ မလုံလောက်မှုနှင့် ယိုယွင်းနေသော အဝေးပြေး လမ်းမကြီးများကြောင့် ဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို