အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းပြည်နယ်၌ ရေကြီးရေလျှံမှုကြောင့် သုံးဦးသေဆုံး

ဇူလိုင် ၈

 

အာဖဂန်နစ္စတန်နိုင်ငံ၏အရှေ့ပိုင်း ပါ့ခ်တီရာပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားသဖြင့် လူသုံးဦးထက်မနည်းသေဆုံးခဲ့ပြီး နှစ်ဦးပျောက်ဆုံးလျက်ရှိကြောင်း နိုင်ငံပိုင် ဘာခ်တာသတင်းအေဂျင်စီက ယမန်နေ့ကဖော်ပြခဲ့သည်။

 

ပြည်နယ်မြို့တော် ဂါဒက်ဇ်နှင့် ဆာရက်ကာရမ်၊ ဒန်အီပါတန်နှင့် အာမက်ခေးလ်ခရိုင်များတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်ဟု ထိုပြည်နယ်ရှိ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအာဏာပိုင်ရုံးအကြီးအကဲ မော်လဝီနီဆာအာမက်က ဆိုသည်။

 

အဆိုပါရေကြီးရေလျှံမှုကြောင့် လယ်ယာမြေ ဟက်တာပေါင်းရာနှင့်ချီ ပျက်စီးခဲ့ပြီး အိမ်ခြေအလုံးရေ နှစ်ဆယ် မျောပါသွားခဲ့သည်ဟု သိရသည်။

 

ပါဝန်နှင့် ကန်ဒါဟာပြည်နယ်တို့တွင် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့်  သုံးဦးထက်မနည်းသေဆုံးခဲ့ပြီး နေအိမ်များ၊ လယ်ယာမြေများ ပျက်စီးသွားခဲ့ကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို