ကဘူး     မတ်     ၃၀

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် အခြေခံအဆောက်အအုံနှင့်  ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို အာဖဂန်တာဝန်ရှိသူများက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း ဒေသန္တရအစိုးရရုံးများက မတ် ၃၀ ရက်တွင်    သတင်း ထုတ်ပြန်ခဲ့သည်။

ဗာဒါကာရှန် ပြည်နယ်ရှာအီဗိုဇူခရိုင်တွင်  ကန်ဒေါ်လာ ခုနစ်သန်း တန်ကြေးရှိသည့် လမ်း၊ တံတား တည်ဆောက်ရေး၊ ဘာသာရေးအဆောက်အအုံ တည်ထောင်ရေး၊  လျှပ်စစ်မီးရရှိရေးနှင့်  ရေတွင်းတူးဖော်သည့် စီမံကိန်းများကို  အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။

ခို့စ်ပြည်နယ်တွင် ကန်ဒေါ်လာ ၄၂၁၀၀၀ တန်ကြေးရှိသည့် ကျန်းမာရေးစင်တာလေးခုကို တည်ထောင်ခဲ့ပြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးလုပ်ငန်းများအပါအဝင် ဒေသခံများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်နေသည်။

ယင်းကဲ့သို့ အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ဆောင်ရွက်ခြင်းဖြင့်   ဒေသခံများ၏ လူမှုစီးပွားဘဝများကို  မြှင့်တင်ပေးနေကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ