ကဘူး   ဇွန်   ၂၈

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ်တွင် စိုက်ပျိုးရေးဓာတုပစ္စည်းအတုထုတ်လုပ်သည့် စက်ရုံတစ်ရုံကို ယမန်နေ့က ရှာဖွေတွေ့ရှိခဲ့ပြီး သံသယရှိသူသုံးဦးကို ဖမ်းဆီးခဲ့ကြောင်း တရားဝင်မီဒီယာ ဘက်ထာသတင်းဌာနက သတင်းဖော်ပြခဲ့သည်။

အစီရင်ခံစာအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါစက်ရုံကို ဝင်ရောက်စီးနင်းကာ ဒေသတွင်း ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချနေသည်ဟုယူဆရသည့် စိုက်ပျိုးရေးသုံးဓာတုပစ္စည်းအတုပုံး ၃၅၀၀ နီးပါးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါရှာဖွေမှုအတွင်း သံသယရှိသူ သုံးဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး လက်ရှိတွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

လယ်ယာထွက်ကုန်အတုများ ထုတ်လုပ်ရောင်းချခြင်းသည် တောင်သူလယ်သမားများ၊ သီးနှံအထွက်နှုန်းနှင့် ပြည်သူ့ကျန်းမာရေးတို့ကို ဆိုးရွားစွာထိခိုက်စေကြောင်း အာဏာပိုင်များက မှတ်ချက်ပြုပြောကြားခဲ့သည်။

ဖြန့်ဖြူးရေးကွန်ရက်တွင် ပါဝင်သူများကို  ဖော်ထုတ်ရန်နှင့် နောင်တွင် အလားတူလုပ်ဆောင်မှုများကို တားဆီးရန် အာဏာပိုင်များက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

သိမ်းဆည်းရမိသော ဓာတုဗေဒပစ္စည်းများကို သက်ဆိုင်ရာတာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး သံသယရှိသူများအား ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်