ကဘူးလ် ဖေဖော်ဝါရီ ၉
အာဖဂန်နစ္စတန်နိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းပြီးလျှင် ဒုတိယအကြီးဆုံးလုပ်ငန်းဖြစ်သော ကော်ဇောလုပ်ငန်းသည် လူပေါင်း ၁ ဒသမ ၂ သန်းကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားနိုင်ကြောင်းနှင့် အသက်မွေးဝမ်းကျောင်းပြုစေနိုင်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ကော်ဇောထုတ်လုပ်သူများကိုယ်စားပြု သမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ယခင်က ကော်ဇောလုပ်ငန်းကို ပြည်နယ်ငါးခုမှ ခြောက်ခုလောက်အထိသာ လုပ်ကိုင်ခဲ့ရာမှ ယခုအခါ အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်းရှိ ပြည်သူများသည် ရိုးရာလုပ်ငန်းကြီး မပျောက်ပျက်စေရန်နှင့် ဆက်လက်ရှင်သန်ထွန်းကားနေစေရန် ကော်ဇောလုပ်ငန်းတွင် ကျယ်ကျယ်ပြန့်ပြန့်ပါဝင် လုပ်ဆောင်နေကြပြီဟု မိုဟီဘူလာကိုဟီက အာဖဂန်နစ္စတန်နိုင်ငံ၏ တရားဝင်ရေဒီယိုနှင့် ရုပ်မြင်သံကြားသို့ ဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြားသည်။
အာဖဂန်နစ္စတန်နိုင်ငံ၏ ကော်ဇောလုပ်ငန်းမှာ ဆယ်စုနှစ်လေးစုကျော်ကြာ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သော်လည်း လက်လုပ်ကော်ဇောများသည် ကမ္ဘာတစ်ဝန်းတွင် လူကြိုက်များနေဆဲဖြစ်ကြောင်း သိရသည်။
ရိုးရာကော်ဇောလုပ်ငန်းသည် မကြာသေးမီနှစ်များအတွင်း ပြန်လည်ဖြစ်ထွန်းအောင်မြင်လာနေပြီး တရုတ်၊ ဥရောပ၊ အမေရိကန်ပြည်ထောင်စုနှင့် အာရပ်နိုင်ငံများအပါအဝင် နိုင်ငံခြားဈေးကွက်ကိုပါ ရရှိပိုင်ဆိုင်လာနေပြီဖြစ်သည်။
ဆင်ဟွာ


