ဇူလိုင် ၂၁
အာဖဂန်နစ္စတန်အရှေ့ပိုင်းရှိ နူရီစတန်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးမှုများ ဖြစ်ပွားခဲ့ရာ လူ ၂၀ ထက်မနည်းသေဆုံးပြီး ၈၀ ခန့် ဒဏ်ရာရရှိကာ ၁၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ယူဆွတ်ဟမ်မက်က ရေးသားထားသောပို့စ်တစ်ခုတွင် ရေကြီးမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိမှု များပြားကြောင်း ဖော်ပြထားသည်။
ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှ တာဝန်ရှိသူများသည် ထိခိုက်ခံရသည့်နေရာများသို့ ရောက်ရှိလာကာ သေဆုံးသူများ၏ ရုပ်အလောင်းများကို ပြန်လည်ရှာဖွေရေး၊ ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးနှင့် ပျောက်ဆုံးနေသူများကို ရှာဖွေရေးတို့အပါအဝင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။
စုံစမ်းစစ်ဆေးမှုများနှင့် ပျက်စီးဆုံးရှုံးမှုအကဲဖြတ်မှုများပြီးစီးပါက ထိခိုက်သေဆုံးမှုနှင့် ပိုင်ဆိုင်မှု ဆုံးရှုံးမှုဆိုင်ရာ ကနဦးကိန်းဂဏန်းများကို ထုတ်ပြန်မည်ဖြစ်ကြောင်း ဟမ်မက်က ထပ်လောင်း ပြောကြားခဲ့သည်။
သီးခြားကြေညာချက်တစ်ခုတွင် အာဖဂန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က သေဆုံးသူများ၏မိသားစုများအတွက် ဝမ်းနည်းကြောင်းဖော်ပြခဲ့ပြီး လက်ရှိရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
ဒေသဆိုင်ရာအာဏာပိုင်များ၏ပြောကြားချက်အရ နူရီစတန်ပြည်နယ်၏ မြို့တော် ပါရွန်သည် ထိခိုက်မှုအများဆုံးဒေသဖြစ်ပြီး ရေကြီးမှုကြောင့် နေအိမ်များနှင့် အခြေခံအဆောက်အအုံများစွာ ပျက်စီးခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


