အာဖဂန်နစ္စတန်နိုင်ငံရှိ ပြည်နယ်နှစ်ခုမှ မိသားစု ၇၀၀၀ ကျော် စားနပ်ရိက္ခာအထောက်အပံ့များ လက်ခံရရှိ

 

ကဘူးလ် မေ ၁၇

 

အာဖဂန်နစ္စတန်နိုင်ငံရှိ ပြည်နယ် နှစ်ခုမှ မိသားစု ၇၀၀၀ ကျော်တို့သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စားနပ် ရိက္ခာ အထောက်အပံ့များ လက်ခံရရှိခဲ့ကြကြောင်း အာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။

 

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်နှင့် အာဖဂန်နစ္စတန် ကျေးလက်ဒေသ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ အာဖဂန်နစ္စတန်နိုင်ငံ ပါဝန်ပြည်နယ် အရှေ့ပိုင်းရှိ ဂျာဘာလူဆာရက်ခရိုင်နှင့် ဆာကီပါဆာခရိုင်တို့မှ မိသားစု ၄၄၀၀ တို့အား စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့ကြောင်းနှင့် ယင်းစားနပ်ရိက္ခာများထဲတွင် ဂျုံမှုန့်၊ ဆီ၊ ပဲ၊ ဆား စသည်တို့ ပါဝင်ကြောင်း သိရသည်။

 

ထို့ပြင် ဂျော်ဂျန်ပြည်နယ်မြောက်ပိုင်းရှိ မိုးခေါင်မှုဒဏ် ခံခဲ့ရသူများအပါအဝင် ရွှေ့ပြောင်းပြည်သူ ၂၆၄၀ တို့သည်လည်း စားနပ်ရိက္ခာအထောက်အပံ့များ လက်ခံရရှိကြောင်း အဆိုပါပြည်နယ်၏ ဒုက္ခသည်များနှင့် နေရပ်ပြန်လည် ပို့ဆောင်ရေးဌာနအကြီးအကဲ အဗ္ဗဒူလ်ကေယန် နာဇာရီက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။

 

ာမည့်ရက်ပိုင်း သို့မဟုတ် လာမည့်သီတင်းပတ်များတွင်လည်း ဂျော်ဂျန်ပြည်နယ်ရှိ မိသားစုများအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့များ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ဂျော်ဂျန်ပြည်နယ် ဒုက္ခသည်များနှင့် နေရပ်ပြန်လည် ပို့ဆောင်ရေးဌာနအကြီးအကဲ အဗ္ဗဒူလ်ကေယန်နာဇာရီက ပြောကြားသည်။

 

အာဖဂန်နစ္စတန်နိုင်ငံ၌ လူဦးရေ ၃၅ သန်းရှိသည့်အနက် ၂၂ သန်းကျော်သည် စားနပ်ရိက္ခာပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

 

 ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်