အာဖဂန်နစ္စတန်နိုင်ငံတွင် ဖြစ်ပွားနေသော အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြစ်တင်ရှုတ်ချ

၂၀ စက်တင်ဘာ


မကြာသေးမီ သီတင်းပတ်များအတွင်း အာဖဂန်နစ္စတန်နိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်မှုများ တသီတတန်းဖြစ်ပွားလျက်ရှိသောကြောင့် ကုလလုံခြုံရေးကောင်စီက ယမန်နေ့က ပြစ်တင်ပြောဆိုခဲ့သည်။


အင်္ဂါနေ့က ကဘူးလ်နှင့် ချာရီကာ၊ ပါဝမ် ပြည်နယ်တို့တွင် လည်းကောင်း၊ ကြာသပတေးနေ့က ကာလတ်၊ ဇာဘူးလ် ပြည်နယ် တို့တွင်လည်းကောင်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သဖြင့် ယင်းလုံခြုံရေးကောင်စီက ပြစ်တင်ရှုတ်ချခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


အပြစ်မဲ့ အရပ်သား အများအပြား သေဆုံးခဲ့သည့် တိုက်ခိုက်မှု သုံးခုသည် ၎င်းတို့၏လက်ချက်ဖြစ်သည် ဟု တာလီဘန်တို့ဘက်က ပြောဆိုခဲ့သည်။


ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင်များသည် အဆိုပါ ထိခိုက်ဒဏ်ရာရ သေဆုံးသူများ၏ မိသားစုဝင်များကို အနက်ရှိုင်းဆုံး စာနာထောက်ထားပါကြောင်းနှင့်  ထပ်တူဝမ်းနည်းပါကြောင်း၊ ဒဏ်ရာရရှိသူများလည်း အမြန်ပြန်လည် ကောင်းမွန်လာပါစေဟု အာဖဂန်အစိုးရနှင့် ၎င်းတို့က ဆုမွန်ကောင်း တောင်းပါကြောင်း ရေးသားဖော်ပြခဲ့သည်။


အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို  ခြိမ်းခြောက်မှု ဖြစ်ပွားစေသဖြင့် နိုင်ငံအားလုံး အနေဖြင့် တိုက်ဖျက်ချေမှုန်းရန် လိုအပ်ကြောင်း ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင်များက ထပ်လောင်းအတည်ပြုပြောကြားခဲ့သည်။


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို