အာဖဂန်နစ္စတန်တွင် အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သတင်းထောက်တစ်ဦး သေဆုံး

ဒီဇင်ဘာ ၁၀

 

 

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ် မြို့တော် ဂျာလာလာဘတ်မြို့တွင် ယနေ့ အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သတင်းထောက် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ အတ်တူလာ ခိုဂီရာနီက ပြောကြားခဲ့သည်။

 

 

ပုဂ္ဂလိက ရုပ်မြင်သံကြား အသံလွှင့်ရုံတွင် တာဝန်ထမ်းဆောင်နေသော မာလာလိုင် မီဝမ်သည် ဂျာလာလာဘတ်မြို့တွင် ယနေ့မနက် အစောပိုင်းက အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုခံခဲ့ရကြောင်းနှင့် ထိုသေနတ်သမားများမှာ လွတ်မြောက်သွားကြောင်း ခိုဂီရာနီက သတင်းထောက်များကို ပြောကြားခဲ့သည်။

 

 

မီဝန်၏ ယာဉ်မောင်းသမားလည်း ထိုတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သည်ဟု ဆေးရုံဆိုင်ရာ သတင်းရပ်ကွက်က ဆိုသည်။

 

 

မီဝန်သည် အာဖဂန်နိုင်ငံတွင် နိုဝင်ဘာလလယ် နောက်ပိုင်း  ဒုတိယမြောက် သေဆုံးခဲ့သည့် သတင်းထောက်တစ်ဦး ဖြစ်သည်။

 

 

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ယခုအချိန်အထိ မည်သည့်အုပ်စုကမျှ ဝန်ခံပြောကြားခြင်း မရှိသေးပေ။

 

 

နိုဝင်ဘာ ၁၂ ရက်နေ့က နိုင်ငံတောင်ပိုင်း ဟယ်လ်မန်ပြည်နယ် ဗုံးပေါက်ကွဲမှုတွင်  သတင်းထောက် အယ်လ်ရတ် ဒါရီ သေဆုံးခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို