အာဖဂန်ပြည်သူတွေရဲ့ အလိုချင်ဆုံးသော ငြိမ်းချမ်းရေး

လင်းဟန်သစ်

 

အာဖဂန်နစ္စတန်မြောက်ပိုင်း ဘာ့ခ်ပြည်နယ်မှာရှိတဲ့ မာဇာအီရှာရစ်ဖ်မြို့မှာ နေထိုင်တဲ့ ရွှေ့ပြောင်းအမျိုးသမီးတစ်ဦးဖြစ်တဲ့ ဘီဘီမာရမ်ဟာ ကလေးနှစ်ယောက်နဲ့အတူ သူတို့ရဲ့ တဲလေးအရှေ့မှာ စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေပါတယ်။ သူ့ရဲ့အိမ်ကတော့ နိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ပျက်စီးသွားခဲ့ပါပြီ။

 

ရင်ထဲမှာ မချိအောင်ခံစား

 

အသက် ၃၇ နှစ်ရှိတဲ့ သနားစဖွယ် အမျိုးသမီးဟာ စစ်ပွဲနဲ့ လောကဓံရဲ့ ရိုက်ခတ်မှုတွေကြောင့် သူ့ရဲ့ မျက်နှာဟာ သူ့ရဲ့ရှိရင်းစွဲ အသက်ထက်ပိုပြီး ကြီးသယောင် ဖြစ်နေပါတယ်။ နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်နေတယ်၊ အပြစ်မဲ့သူတွေကို သတ်ဖြတ်နေတာတွေ၊ အိုးအိမ် အဆောက်အအုံတွေကို ဖျက်ဆီးနေတာတွေကို စိတ်မကောင်းဖွယ်ရာ တွေ့မြင်နေရတာကြောင့် ရင်ထဲမှာ မချိအောင် ခံစားနေရတယ်လို့ သူက ပြောပါတယ်။

 

ငြိမ်းချမ်းရေးကို တွေ့ချင်

 

ကျွန်မဘဝရဲ့ အတောင့်တဆုံးဆန္ဒ၊ အဖြစ်ချင်ဆုံး စိတ်ကူးကတော့ ငြိမ်းချမ်းရေးကိုမြင်ချင်တာပါ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေချင်တာပါလို့ သူကပြောလိုက်ပါတယ်။ ဒါဟာ ကျွန်မဘဝရဲ့ စိတ်ကူး အိပ်မက်တစ်ခုပါ။ ကျွန်မဆုတောင်းနေတဲ့ အရာတစ်ခုပါ။ အကယ်၍ ငြိမ်းချမ်းရေးပြန်ရရင် ကျွန်မလည်း ရွာပြန်ပြီး ပုံမှန်ဘဝမျိုးမှာ အကောင်းဆုံး နေထိုင်သွားတော့မယ်လို့ မာရမ်က ပြောပါတယ်။

 

ဒါကတော့ အာဖဂန်စစ်ပွဲဒဏ်ကြောင့် ဒုက္ခသုက္ခအပေါင်းကို ခံစားနေရတဲ့ အာဖဂန် အမျိုးသမီးတစ်ဦးရဲ့ ဝမ်းနည်းဖွယ်ရာ၊ ပျော်ရွှင်မှုတို့ ဆိတ်သုဉ်းရာ ဘဝစာမျက်နှာရဲ့ အစိတ် အပိုင်းတစ်ခုမျှသာဖြစ်ပါတယ်။

 

မာရမ်က အာဖဂန်နစ္စတန်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ပုံမှန်မိရိုးဖလာ နေထိုင်လုပ်ကိုင်စားသောက် နေထိုင်တဲ့ အာဖဂန်ပြည်သူတွေရဲ့ ပုံမှန်ဘဝကို အမှောင်ဖုံးစေတဲ့၊ ဒုက္ခအပေါင်းကို ခါးစည်းခံစားရစေတဲ့ ဖြစ်ရပ်အားလုံးရဲ့ အကြောင်းရင်းမြစ်ပဲ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

 

ကလေးငယ်တွေကို မိဘမဲ့တွေဖြစ်စေ

 

အာဖဂန်စစ်ပွဲဟာ အာဖဂန်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ပြုတ်ပြုတ်ပြုန်းကာ အိုးမဲ့အိမ်မဲ့တွေ ဖြစ်စေခဲ့သလို မရေမတွက်နိုင်တဲ့ ကလေးငယ်တွေကိုလည်း မိဘမဲ့တွေ ဖြစ်စေကုန်ပါတယ်။

 

စစ်ပွဲကြောင့် ကျွန်မတို့ရဲ့ အိမ်လည်း ပြာမှုန်အဖြစ်ကို သက်ဆင်းခဲ့ရတယ်။ ကျွန်မလည်း စစ်ပွဲကြောင့် အဖေပျောက် နေရတဲ့ သနားစရာတူလေးတွေနဲ့ နေထိုင်နေရတယ်၊ စားစရာဆိုတာ အနည်းငယ်။ မျှော်လင့်ချက်မနက်ဖြန် ဆိုတာ ဘာမှန်းမသိ။ အသက်အာမခံ ချက်ဆိုတာ မရေရာ။ ဘဝဟာ နတ္ထိဆိုပြီး မာရမ်က ညည်းညည်းညူညူ ပြောပါတယ်။

 

မာဇာအီရှာရစ်ဖ်မြို့ပြင် လက်လုပ်တဲလေးတွေမှာ နေထိုင်ရတဲ့ ဘဝဟာ တကယ်တမ်းတော့ ဒုက္ခတွေကို မိတ်ဆွေဖွဲ့ ထားရမျိုးပါ။ အဲဒီနေရာမှာ နွေရာသီဆိုရင် အပူချိန်ဟာ ၄၅ ဒီဂရီ ဆဲလ်စီးယပ်အထက်ကို ကျော်လွန်နေပါတယ်။ အဲဒီမှာ အအေးပေးစက် ဒါမှမဟုတ်ရင် ပန်ကာဆိုတာမျိုးကို မျှော်လင့်တောင့်တနေမယ် ဆိုရင်တော့ လမင်းကို ရေတွင်းထဲက ဆယ်ယူဖို့ ကြိုးစားတဲ့ သူမိုက်ပုံပြင်လို ဖြစ်နေမှာပါ။

 

ရွေးချယ်စရာမရှိဘူး

 

တစ်ခါတစ်ရံမှာ သူများလှူဒါန်းတာလေးတွေနဲ့ စားသောက်နေထိုင်ရတယ်။ တစ်ခါတလေမှာလည်း တောင်းစားရတယ်။ တစ်ခါတစ်ရံမှာလည်း ရေနဲ့ အစားအစာလေးတွေရဖို့ အကူအညီတောင်းရတယ်။ တောင်းစားတယ်ဆိုတာ ရှက်စရာကောင်းတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့မှာ ရွေးချယ်စရာမရှိပါဘူးလို့ သူက ပြောပါတယ်။

 

မာရမ်က အာဖဂန်တိုက်ပွဲကြောင့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေရော တာလီဘန်တပ်ဖွဲ့တွေရော နှစ်ဖက်စလုံး နေ့စဉ်အကျအဆုံးများတယ်လို့ ပြောပါတယ်။ သွေးတွေဖုံးလွှမ်းနေတဲ့ အာဖဂန်မှာ ငြိမ်းချမ်းရေးမရရင် ပြည်သူတွေရဲ့ အနာဂတ်တွေဟာလည်း မှုန်တိမှုန်ဝါးပါပဲ။

 

ငြိမ်းချမ်းရေးပြန်ရဖို့ အမြဲဆုတောင်းနေ

 

ဒါကြောင့် ငြိမ်းချမ်းရေး မြန်မြန် ပြန်ရဖို့ ကျွန်မကတော့ အမြဲဆုတောင်းနေရတယ်လို့ မာရမ်က ပြောပါတယ်။ အာဖဂန်တစ်ဝန်းမှာ ငြိမ်းချမ်းရေးတွေ ပြန်ရပြီး အကြောက်တရားတွေ ကင်းဝေးကာ ပုံမှန်ဘဝမျိုး နေထိုင်ရှင်သန်ဖို့၊ အထူးသဖြင့် ချန်တယ်ဒေသမှာ ထာဝရငြိမ်းချမ်းရေးကို မျှော်လင့်တောင့်တရင်း ငြိမ်းချမ်းမှုကို ကျွန်မအမြဲရှာဖွေလျက် ရှိတယ်လို့သူကဟိုးအဝေးတစ်နေရာကို ငေးကြည့်ရင်း ပြောပါတယ်။

 

အာဖဂန်နစ္စတန်ထဲက အမေရိကန် တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားတဲ့ မေလအစောပိုင်းကစပြီး အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ တာလီဘန်တွေကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ တာလီဘန်အဖွဲ့တွေဟာ ထိုးစစ်တွေကို အရှိန်မြှင့်တင် ဆင်နွှဲလာကြပြီး အာဖဂန်ရဲ့ ပြည်နယ် အတော်များများကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ အာဖဂန်မြောက်ပိုင်း တာ့ခ်ပြည်နယ် ထဲမှာရှိတဲ့ ဒေသပေါင်း ၂၀၀ ကျော်ကို လည်း သိမ်းခဲ့ပါတယ်။

 

အိုးမဲ့အိမ်မဲ့ဖြစ်စေ

 

တစ်ဖက်နဲ့ တစ်ဖက် တိုက်ပွဲတွေ အရှိန်မြင့်လာခြင်းက များစွာသော မိသားစုတွေကို အိုးမဲ့အိမ်မဲ့ဖြစ်စေပါတယ်။ အဲဒီထဲကမှ အတော်များများသော မိသားစုဝင်တွေဟာ တာ့ခ်ပြည်နယ် မြို့တော် မာဇာအီရှာရစ်ဖ်မြို့ပြင်နဲ့ မြို့တွင်းတွေမှာ လက်လုပ်တဲလေးတွေနဲ့ အခြေချနေထိုင်ကြရပါတယ်။

 

ဘဝနေထိုင်မှုဟာ အလွန်ခက်ခဲပါတယ်။ ရွာတွေထဲမှာလည်း အပြစ်မဲ့ ပြည်သူတွေဟာ နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် မြေစာပင်ဖြစ်ခဲ့ရသလို လက်လုပ်တဲတွေထဲမှာ နေထိုင်နေရတဲ့ သူတွေကလည်း အခြေခံလိုအပ်ချက်တွေ မရှိဘဲ ဘဝကိုဖြစ်သလို မသေရုံတစ်မယ် ကျော်ဖြတ်နေကြရတာပါ။ ကျွန်တော်တို့ဟာ ကလေးဘဝကတည်း က ဒီလိုဒုက္ခသုက္ခတွေနဲ့ အသားကျ ပြီးသားပါလို့ အဲဒီစခန်းမှာ နေထိုင်သူတစ်ဦးဖြစ်တဲ့ မိုဟာမက်က ပြောပါတယ်။

 

အခွင့်အရေးတွေ ပိတ်ပင်ခံထားရ

 

ကျွန်တော်တို့တွေ အသတ်ခံနေရတယ်။ ကျွန်တော်တို့တွေ အခွင့်အရေးတွေမရဘဲ ပိတ်ပင်ခံထားရတယ်။ ကျွန်တော်တို့ ကလေးတွေလည်း ကျောင်းမသွားနိုင်ဘူး။ ကျွန်တော်တို့ရဲ့ ခံစားချက်ကို ဘယ်သူမှ ကိုယ်ချင်းမစာဘူး။ လျစ်လျူရှုထားတယ်လို့ မိုဟာမက် က စိတ်မကောင်းစွာပြောပါတယ်။

 

ဒါတွေဟာ အာဖဂန်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခသုက္ခတွေပဲ ဖြစ်ပါတယ်။ ဒီလိုဒုက္ခအပေါင်း ချုပ်ငြိမ်းဖို့ရာ ငြိမ်းချမ်းရေးကလွဲပြီး တခြားလမ်းကြောင်းကတော့ မရှိပါဘူး။ ငြိမ်းချမ်းရေးကသာ အကောင်းဆုံး လမ်းကြောင်း ဖြစ်ပါတယ်။

 

ကိုးကား-ဆင်ဟွာ