အာဖဂန်တောင်ပိုင်း ဟယ်လ်မန်ပြည်နယ် လေကြောင်း တိုက်ခိုက်မှုတွင် စစ်သွေးကြွ ၂၁ ဦး သေဆုံး

၂၄ ဒီဇင်ဘာ

 

 

အာဖဂန်နစ္စတန် နိုင်ငံတောင်ပိုင်း ဟယ်လ်မန်ပြည်နယ် နာဝါခရိုင်တွင် ယမန်နေ့က တာလီဘန် စစ်သွေးကြွများ စုဝေးရာနေရာကို စစ်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ ၂၁ ဦး သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးက ယနေ့သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

 

 

တာလီဘန် စစ်သွေးကြွအုပ်စု တစ်စုသည် လုံခြုံရေး စစ်ဆေးရေးဂိတ်များကို တိုက်ခိုက်ရန် မိုမန်ခန်ဒေသတွင် စုရုံးနေကြသော်လည်း စစ်လေယာဉ်များက လက်ဦးမှုရယူကာ ယင်းစစ်သွေးကြွများကို တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ ၂၁ ဦး ထိုနေရာမှာပင်သေဆုံးခဲ့ပြီး အခြား ကိုးဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

စစ်သွေးကြွများ၏ လက်နက်များနှင့် ခဲယမ်းမီးကျောက် အမြောက်အမြားလည်း ဖျက်ဆီးခြင်းခံရသည်ဟု သိရသည်။

 

 

တာလီဘန်စစ်သွေးကြွများကမူ ထိုဖြစ်ရပ်နှင့်နှင့်ပတ်သက်ပြီး မှတ်ချက်ပြု ပြောကြားခြင်း မရှိသေးပေ။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို