အာဖဂန်တွင် မတော်တဆပေါက်ကွဲမှုဖြစ်ပွား အရပ်သား ၁၇ ဦး ဒဏ်ရာရ

၄ စက်တင်ဘာ

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ဂျောဂျန်ပြည်နယ် အာခါ ခရိုင်တွင် မတော်တဆပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ အာဖဂန်အပြစ်မဲ့အရပ်သား ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့ပြောကြားခဲ့သည်။

ထိုခရိုင်ဈေး၌ စစ်ပွဲ၏ ပေါက်ကွဲတတ်သော ပစ္စည်းအကြွင်းအကျန်မှ ၎င်းမတော်တဆပေါက်ကွဲမှု ယမန်နေ့နှောင်းပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဖာရီဒွန် အာနိ က သတင်းထောက်များကို ပြောကြားခဲ့သည်။

အဆိုပါ ဒဏ်ရာရရှိသူများကို ခရိုင်ဆေးရုံသို့ရွှေ့ပြောင်းခဲ့ပြီး ဒဏ်ရာရသူများအနက် သုံးဦး မှာ အခြေအနေစိုးရိမ်ရသည်ဟု ဖော်ပြထားသည်။

ထိုပေါက်ကွဲတတ်သော ပစ္စည်းအကြွင်းအကျန်ကို သံတိုသံစဆိုင်သို့ ရောင်းချရန် အမျိုးသားတစ်ဦးက ယူလာခဲ့ကြောင်း တာဝန်ရှိသူ၏ပြောကြားချက်အရ သိရသည်။

၎င်းခရိုင်သည် လုံခြုံရေးတပ်ဖွဲ့များ နှင့် တာလီဘန် စစ်သွေးကြွများအကြား ကာလရှည်ကြာ ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားရာနေရာဖြစ်သည်။

ကိုးကား -ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို