အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ဆေး သုံးစွဲခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

 

နေပြည်တော် ဇွန် ၂၁

အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွားမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် မွေးမြူသူများ၏ စီးပွားရေး ဆုံးရှုံးထိခိုက် နစ်နာမှုများကို လျှော့ချနိုင်ရန် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ဆေး သုံးစွဲခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ဆေးသုံးစွဲခြင်းဆိုင်ရာ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့၏ လမ်းညွှန်ချက်များ၊ အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကာကွယ်ဆေးသုံးစွဲခြင်း ဆိုင်ရာလုပ်ငန်းများ၊ အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ဆေး အမျိုးအစားများနှင့် ကာကွယ်ဆေး သုံးစွဲခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို ဆွေးနွေးကြသည်။

ဝက်များတွင် ဖြစ်ပွားတတ်သည့် ဗိုင်းရပ်စ်ပိုး တစ်မျိုးဖြစ်သော အာဖရိကဝက်အပြင်းဖျားရောဂါသည် ၂၀၀၅ ခုနှစ်တွင် အာဖရိကတိုက်တွင်ရှိသည့် နိုင်ငံပေါင်း (၃၂)နိုင်ငံ၌ စတင်ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်မှ စတင်၍ အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်မှုများ တွေ့ရှိခဲ့ကြောင်း၊ အာဖရိက ဝက်အပြင်းဖျားရောဂါ ဗိုင်းရပ်စ်သည် ခံနိုင်ရည်ရှိပြီး ပတ်ဝန်းကျင်နှင့် ဝက်ထွက်ပစ္စည်းများတွင် အချိန်ကြာမြင့်စွာ ရှင်သန်နိုင်ကြောင်း၊ အာဖရိက ဝက်အပြင်းဖျားရောဂါသည် ဝက်များတွင် ဖြစ်ပွားသည့် ဗိုင်းရပ်စ်ပိုးဖြစ်ပြီး လူသို့ လွယ်ကူစွာ ကူးစက်တတ်သည့်ရောဂါ (Zoonotic disease) မဟုတ်ကြောင်း၊ ပြည်သူလူထု ကျန်းမာရေးနှင့် အစားအစာ ဘေးကင်းလုံခြုံရေးအတွက် မစိုးရိမ်ရသော်လည်း စီးပွားရေးအရ များစွာထိခိုက်နစ်နာမှုများ ဖြစ်စေနိုင်သည့် ရောဂါဖြစ်ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်