အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၁ ဒသမ ၆၆ သန်းကျော်ရှိလာ

အက်ဒီးစ်အဘာဘာ ဇွန် ၆

 

ဇွန် ၅ ရက်ညနေပိုင်းအထိ ရရှိထားသည့်ကိန်းဂဏန်းများအရ အာဖရိကတိုက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ သူစုစုပေါင်း ၁၁၆၆၄၇၅၈ ဦးရှိလာကြောင်း အာဖရိကကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးစင်တာက ပြောကြားသည်။

 

အလားတူ အာဖရိကတိုက်တစ်ဝန်းလုံးတွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူပေါင်း ၂၅၃၄၁၇  ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၁၁၀၂၈၁၈၃ ဦးရှိလာကြောင်း အာဖရိက ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးစင်တာက ထပ်မံပြောကြားသည်။

 

တောင်အာဖရိကနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၉၆၇၀၇၈ ဦးရှိပြီး အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါ အဆိုးဆုံးထိခိုက်လျက်ရှိသည့် နိုင်ငံဖြစ်သည်။ ထို့အပြင် မော်ရိုကိုနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူပေါင်း ၁၁၆၈၉၂၀ ရှိပြီး တူနီးရှားနှင့် အီဂျစ်နိုင်ငံတို့က အသီးသီးလိုက်ကြကြောင်း သိရသည်။  

 

ဒေသအလိုက်ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းမှာ အာဖရိကတိုက်၏ တောင်ဘက်ဒေသက တစ်တိုက်လုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းအများဆုံးဖြစ်ပြီး အာဖရိကတိုက်၏ မြောက်ဘက်နှင့် အရှေ့ဘက်ဒေသများက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ဒုတိယအများဆုံးနှင့် တတိယအများဆုံးအဖြစ် အသီးသီးလိုက်ကာ အလယ် အာဖရိကဒေသက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းအနည်းဆုံးအဖြစ် ရပ်တည်သည်။


  
ကိုးကား - ဆင်ဟွာ   
ဘာသာပြန် - ဂျေတီ