အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၁ ဒသမ ၂၇ သန်းနီးပါး ရှိလာ

အဒစ်အဘာဘာ မတ် ၁၃

အာဖရိကတိုက်၌ မတ် ၁၁ ရက် မွန်းလွဲပိုင်း အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၁၂၆၇၈၇၉ ဦး ရှိလာကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။

အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ပြောကြားချက်အရ လက်ရှိတွင် အာဖရိကတိုက် တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၂၅၀၁၇၉ ဦးရှိလာကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၁၀၅၄၅၃၉၄ ဦး ရှိလာကြောင်း သိရသည်။

အာဖရိကတိုက်၌ တောင်အာဖရိကနိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ တူနီးရှားနိုင်ငံနှင့် လစ်ဗျားနိုင်ငံတို့သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုအများဆုံး နိုင်ငံများဖြစ်ကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာက ပြောကြားသည်။

တောင်အာဖရိကနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၆၉၀၂၉၁ ဦး ရှိကြောင်းနှင့် မော်ရိုကိုနိုင်ငံ၌ ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူပေါင်း ၁၁၆၂၉၂၅ ဦးရှိကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာက ပြောကြားသည်။

အာဖရိကတိုက်၌ အာဖရိကတောင်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး အာဖရိကမြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ဒုတိယ အများဆုံး ဒေသများဖြစ်ကာ အာဖရိကအလယ်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု အနည်းဆုံး ဒေသဖြစ်ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်