အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉ ဒသမ ၅၁ သန်းကျော်ရှိလာ

အဒစ်အဘာဘာ ဒီဇင်ဘာ ၂၉

 

အာဖရိကတိုက်၌ ယမန်နေ့ညနေပိုင်း အချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉၅၁၉၆၉၉ ဦး ရှိလာကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ယနေ့တွင်ပြောကြားသည်။ အာဖရိကသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာရေးအေဂျင်စီများအား ကိုယ်စားပြုသည့် အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ပြောကြားချက်အရ အာဖရိကတိုက်တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၂၂၇၇၀၈ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူစုစုပေါင်း ၈၅၅၆၂၀၀ ရှိကြောင်း သိရသည်။

 

အာဖရိကတိုက်၌ တောင်အာဖရိကနိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ လစ်ဗျားနိုင်ငံ၊ တူနီးရှားနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု အများဆုံးနိုင်ငံများဖြစ်ကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။

 

တောင်အာဖရိကနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၄၁၇၃၁၈ ဦးရှိကြောင်းနှင့် မော်ရိုကိုနိုင်ငံ၌ ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူပေါင်း ၉၅၆၄၁၀ ရှိကြောင်း အာဖရိကရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။ ။

 

အာဖရိကတိုက်၌ အာဖရိကတောင်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အများဆုံးဒေသဖြစ်ပြီး အာဖရိကမြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဒုတိယ အများဆုံးဖြစ်ကာ အာဖရိကအလယ်ပိုင်း ဒေသသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အနည်းဆုံးဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ ဘာသာပြန်-အလင်းသစ်