အာဖရိကဝက်အပြင်းဖျားရောဂါ မြန်မာနိုင်ငံသို့ မကူးစက်လာစေရန် ကြိုတင်ကာကွယ်ရေးဆောင်ရွက်

တွေ့ဆုံမေးမြန်း- ရှင်မင်းဓာတ်ပုံ- မွှေးကြူ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် အာဖရိက ဝက်အပြင်းဖျားရောဂါ မြန်မာနိုင်ငံသို့ မကူးစက်လာစေရန် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားမှုများနှင့် ပတ်သက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်

မေး။ ။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အာဖရိက ဝက်အပြင်းဖျား ရောဂါနဲ့ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဒီလိုထုတ်ပြန်ထားရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး သိရှိပါရစေ။

ဖြေ။ ။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံမှာ ရောဂါဖြစ်ပွားကြောင်း တွေ့ရှိရတာကြောင့် မြန်မာနိုင်ငံကို ရောဂါမကူးစက်လာစေဖို့ အာဖရိက ဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေ (၁၇/၉၃)အရ ပထမဦးစွာ ဒီရောဂါကို (ခ)စာရင်းဝင် ကူးစက်ရောဂါအဖြစ် သတ်မှတ်ကြောင်း ကြေညာချက်ကို ဖေဖော်ဝါရီ ၂၀ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ မဖြစ်ပွားသေးသော်လည်း ရောဂါအချိန်မရွေး ဝင်ရောက်လာနိုင်တဲ့ အတွက်ကြောင့် ဒီရောဂါကို အသင့်အနေထားနဲ့ ရောဂါကာကွယ်ရေး ကြိုတင်ပြင်ဆင်မှုတွေနဲ့ စောင့်ကြည့်လျက်ရှိပါတယ်။

မေး။ ။ မွေးမြူရေးနှင့် ကုသရေးရဲ့ရည်ညွှန်းချက်စာနဲ့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဝက်နဲ့ဝက်ထွက်ပစ္စည်းတွေ တင်သွင်းမှုကို  ကန့်သတ်ကြောင်း သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီးသိပါရစေ။

ဖြေ။ ။ တရားမဝင်ဝက်နဲ့ ဝက်ထွက်ပစ္စည်းတွေကို သယ်ဆောင်ခြင်းနဲ့ စားသုံးဖို့ တစ်နိုင်တစ်ပိုင် သယ်ယူခြင်းတွေကနေ ရောဂါကူးစက်မှုတွေ ဖြစ်ပွားနိုင်တာကြောင့် လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနကို ဝက်နဲ့ ဝက်ထွက်ပစ္စည်းတွေ တင်သွင်းမှုကို ကန့်သတ်ဖို့အတွက် ညှိနှိုင်း အကြောင်းကြားရခြင်းဖြစ်ပါတယ်။

တားဆီးကန့်သတ်ခြင်းတွေ လုပ်ဆောင်

တရုတ်၊ ဗီယက်နမ်၊ မွန်ဂိုလီးယားနိုင်ငံတို့က ဝက်နဲ့ ဝက်ထွက်ပစ္စည်း (ဝက်သား၊ အေးခဲသား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြားဝက်ထွက်ပစ္စည်း)တွေကို လေဆိပ်၊ ရေဆိပ်၊ နယ်စပ်ဂိတ်တွေကနေ မဝင်ရောက်လာစေဖို့အတွက် မတ် ၅ ရက်မှာ လေဆိပ်ပူးပေါင်း ညှိနှိုင်းရေးကော်မတီ၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ အကောက်ခွန်ဦးစီးဌာနတွေကို အကြောင်းကြားထားပြီး တားဆီးကန့်သတ်ခြင်းတွေ လုပ်ဆောင်လျက်ရှိပါတယ်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပြည်ပ ဆိုက်ရောက် လေဆိပ်ခန်းမမှာ ဝက်သား၊ အေးခဲသား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ အခြားဝက်ထွက်ပစ္စည်းတွေကို မြန်မာနိုင်ငံအတွင်း သယ်ဆောင်ခွင့် မပြုကြောင်းကို Notifiable Screen Advertisement မှာ ၁၀ မိနစ်တစ်ခါနှုန်းနဲ့ Slide show ပြသပြီးတော့ အသိပညာပေး လုပ်ဆောင်လျက်ရှိပါတယ်။

မေး။ ။ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာလည်း အာဖရိကဝက်အပြင်းဖျား ရောဂါဖြစ်ပွားနေတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ရောကြိုတင်ပြီး ဘာတွေလုပ်ဆောင်နေပါသလဲ။

ဖြေ။ ။ ဝက်ရောဂါ စူးစမ်းလေ့လာရေးသင်တန်းကို အန္တရာယ်အလားအလာ မြင့်မားတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးက ဝန်ထမ်းတွေကို သင်တန်းပို့ချခဲ့ပြီးဖြစ်ပါတယ်။ ဝက်ရောဂါ စူးစမ်းလေ့လာခြင်းလုပ်ငန်းကို တိုင်းဒေသကြီး၊ ပြည်နယ် ခုနစ်ခုမှာ ဆောင်ရွက်လျက် ရှိပါတယ်။ ရောဂါနဲ့ပတ်သက်ပြီး အသိပညာပေးခြင်း awareness  တွေအတွက် လက်ကမ်းစာစောင်တွေကို ဖြန့်ဝေထားပါတယ်၊ ရောဂါဖြစ်ပွားတဲ့ နိုင်ငံတွေက ဝက်နဲ့ ဝက်ထွက်ပစ္စည်းတွေကို ယာယီတားမြစ်ပိတ်ပင်ထားပြီးတော့ ရောဂါဖြစ်ပွားခြင်း မရှိသေးတဲ့ နိုင်ငံတွေကသာလျှင် လိုအပ်ချက်အရ တင်သွင်းခွင့်ကို စိစစ်ခွင့်ပြုလျက်ရှိပါတယ်။

ပြီးတော့ နယ်စပ်ဒေသကုန်သွယ်ရေး ဝင်ပေါက်၊ ထွက်ပေါက်တွေမှာ စစ်ဆေးကြပ်မတ်ခြင်းတွေ ပိုမိုအားကောင်းလာစေဖို့ တိုးမြှင့်ဆောင်ရွက်သွား ရပါမယ်။

မေး။ ။ စားသုံးသူပြည်သူတွေအနေနဲ့လည်း စိုးရိမ်မှုတွေရှိနေပါတယ်။ ဒါကြောင့် အာဖရိကဝက်အပြင်းဖျား ရောဂါလက္ခဏာတွေနဲ့ ဘယ်လို ကူးစက်တယ်ဆိုတာ သိပါရစေ။

ဖြေ။ ။ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ကနေ အာဖရိကဝက် အပြင်းဖျားရောဂါဟာ လူကိုကူးစက်တတ်သော ရောဂါမဟုတ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။ ဒါကြောင့် ဒီရောဂါဟာ လူကို မကူးစက်နိုင်ပါဘူး။ ဒီရောဂါဟာ တိရစ္ဆာန်တွေမှာသာ ဖြစ်ပွားတဲ့ ရောဂါဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ ရောဂါကူးစက်မှာကို စိုးရိမ်ဖို့မလိုပါဘူး။

စီးပွားရေးကို ဆုံးရှုံးထိခိုက်စေ

ဒီရောဂါဟာ ဝက်အုပ်စုအတွင်း ကူးစက်ကျရောက်ရင် ရောဂါကူးစက်ခံရတဲ့ ဝက်အားလုံး သေစေနိုင်ပြီးတော့ သေဆုံးနှုန်း ၁၀ဝ ရာခိုင်နှုန်းရှိတာကြောင့် ဝက်မွေးမြူသူတွေရဲ့ စီးပွားရေးကို ဆုံးရှုံးထိခိုက်စေပါတယ်။ အဓိကအနေနဲ့ ဒီရောဂါဟာ ရောဂါကူးစက်ခြင်းခံရတဲ့ဝက်၊ အညစ်အကြေး၊ ဝက်ထွက်ပစ္စည်းတွေနဲ့ တိုက်ရိုက်ထိတွေ့ခြင်း၊ မွှားလို ကြားခံလက်ခံကောင် တွယ်ခြင်းကိုက်ခြင်း၊ ရောဂါပိုးနဲ့ထိတွေ့ထားတဲ့ ဆေးထိုးအပ်၊ အသုံးဆောင်ပစ္စည်းတွေနဲ့ ယင်တို့ကတစ်ဆင့် ကူးစက်ပျံ့နှံ့ခြင်းတို့ဖြစ်ပါတယ်။

ရောဂါပိုးကူးစက်ခံထားရတဲ့ အေးခဲဝက်သားတွေနဲ့ ထိတွေ့မိခြင်းကနေ ကူးစက်နိုင်ပါတယ်။ ဝက်တွေမှာကတော့ ရောဂါလက္ခဏာတွေက ခြေလက်အဆစ်ရောင်ခြင်း၊ အရေပြားအနာဖြစ်ခြင်း၊ အရေပြား(နားရွက်၊ အမြီး၊ ဝမ်းဗိုက်) နီရဲခြင်း၊ ကိုယ်ပူချိန်မမှန်ခြင်း၊ အစာအနည်းငယ်သာ စားခြင်း၊ အလေးချိန်လျော့ကျခြင်း၊ ပျို့အန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ ဇီးဝက်များမှာ သားလျှောခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာ တွေ့ရခြင်းတို့ဖြစ်ပါတယ်။

ဒီရောဂါဟာ ဝက်နားရွက်ပြာရောဂါ၊ ဝက်ဝမ်းကျရောဂါတွေ၊ တခြား ရောဂါတွေနဲ့ ရောဂါလက္ခဏာ ဆင်တာကြောင့် မျက်မြင်အားဖြင့် ရောဂါကို အတည်ပြုမခွဲခြားနိုင်ပါဘူး။ ဒါကြောင့် ဓာတ်ခွဲခန်းတွေကို နမူနာပစ္စည်း ပေးပို့စစ်ဆေးဖို့ လိုအပ်ပါတယ်။

မေး။ ။ အိမ်နီးချင်းနိုင်ငံတွေနဲ့ သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းတွေက ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်ပြီး ဆက်သွယ်လာတာမျိုးရှိပါသလား။  ဒီလိုအဖွဲ့အစည်းတွေနဲ့ ဘယ်လိုဆက်သွယ် ဆောင်ရွက်နေတယ်ဆိုတာနဲ့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေနဲ့ မြန်မာနိုင်ငံမှာ ကူးစက်ဖြစ်ပွားမှုမရှိအောင် ဘယ်လိုတွ ဆောင်ရွက်နေတယ်ဆိုတာ သိပါရစေ။

ဖြေ။ ။ OIE အဖွဲ့ကြီးက နောက်ဆုံးအခြေအနေတွေကို ဖြန့်ဝေပေးလျက် ရှိပါတယ်။ FAO  အဖွဲ့က အာဖရိက ဝက်ရောဂါဖြစ်ပွားမှု အခြေအနေတွေကို သတင်းပေးပို့ခြင်းနဲ့ ရောဂါကြိုတင် ကာကွယ်ရေးနဲ့ ရောဂါရှာဖွေရေးအတွက် နည်းပညာပံ့ပိုးကူညီမှုတွေကို လုပ်ဆောင်လျက်ရှိပါတယ်။

ကောင်းမွန်တဲ့ဇီဝလုံခြုံမှုများ ပြုလုပ်ရန်လိုအပ်

ဒါ့အပြင် FAO  က Dr.LeeMyers  ကနေ မြန်မာနိုင်ငံအနေနဲ့ ASF ရောဂါ ကြိုတင်ကာကွယ်ရေးနဲ့ Contingency Plan ရေးဆွဲရေးအတွက် လာရောက်ညှိနှိုင်းပြီး “Emergency Preparedness Training For African Swine Fever”သင်တန်းကို မတ် ၁ ရက်က နေပြည်တော်မင်္ဂလာသီရိဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

မေး။ ။ညွှန်ကြားရေးမှူးချုပ်အနေနဲ့ ပြည်သူတွေသိရှိအောင် ဖြည့်စွက် ပြောကြားပေးချင်တာရှိရင်လည်း ပြောကြားပေးပါ။

ဖြေ။ ။ ရောဂါဖြစ်ပွားလျက်ရှိတဲ့ နိုင်ငံတွေက ခရီးသွားလာသူတွေအနေနဲ့ တစ်နိုင်တစ်ပိုင် စားသောက်ဖို့ ဝက်နဲ့ ဝက်ထွက်ပစ္စည်းတွေ သယ်ဆောင်မလာဖို့၊ မွေးမြူသူတွေအနေနဲ့ ကိုယ့်ဝက်ခြံအတွင်း ကောင်းမွန်တဲ့ ဇီဝလုံခြုံမှုများ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

ပြန်လည်ကျိုချက်သင့်

တစ်နိုင်တစ်ပိုင် ဝက်မွေးမြူသူတွေအနေနဲ့ ကိုယ့်ရဲ့ဝက်တွေကို တခြားသော အိမ်မွေးဝက်၊ တောဝက်တွေနဲ့ မထိတွေ့စေဖို့နဲ့ အစာကြွင်း အစာကျန်တွေ ကျွေးမယ်ဆိုရင် ပြန်လည်ကျိုချက်သင့်ပါတယ်။

မီးဖိုချောင်ထွက် အသားအပိုင်းအစတွေကို အစာကြွင်းကျန်ထဲ မထည့်ဖို့နဲ့ အိမ်မွေးဝက်တွေ မကျွေးဖို့၊ တောဝက်တွေကို ဖမ်းဆီးသတ်ဖြတ်ခြင်း မပြုဖို့၊ ဝက်တွေ နေမကောင်းခြင်းနဲ့ သေဆုံးခြင်းတွေ ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ ဝက်ခြံအတွင်းတွေ့ရှိရင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကို ဆက်သွယ်အကြောင်းကြားပေးဖို့နဲ့ ရောဂါနမူနာပစ္စည်းတွေ ဓာတ်ခွဲခန်းတွေကို ပေးပို့ပေးဖို့ ပြောကြားလိုပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်