အာရှ အမျိုးသမီးကလပ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် မြန်မာကလပ် အားကာသိပ္ပံအသင်း ရှုံးပွဲကြုံတွေ့

သြဂုတ် ၁၆ 


၂၀၂၂ အာရှ အမျိုးသမီးကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ (အရှေ့အာရှဇုန်) အုပ်စုပထမနေ့အဖြစ်  မြန်မာကလပ် အားကာသိပ္ပံအသင်းနှင့် တရုတ်တိုင်ပေကလပ် တိုင်ချောင်ဘလူးအသင်းတို့ သြဂုတ် ၁၆ ရက်က ထိုင်းနိုင်ငံ ချောင်ဘူရီမြို့၌ယှဉ်ပြိုင်ကစားရာ အားကာသိပ္ပံအသင်း သုံးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ယခုပွဲမှာ ပုံမှန်အရ  သြဂုတ် ၁၅ ရက် ညနေပိုင်းက ကစားရခြင်းဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပွဲချိန် ၂၁ မိနစ်တွင် ရပ်နားခဲ့ရခြင်းဖြစ်ကာ လက်ကျန် ၆၉ မိနစ်ကို သြဂုတ် ၁၆ ရက် နံနက်ပိုင်းတွင် ပြန်လည်ကစားရခြင်းဖြစ်သည်။


အာရှ အမျိုးသမီးကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ပထမဆုံးယှဉ်ပြိုင်ခွင့်ရသည့် မြန်မာအမျိုးသမီးကလပ် အားကာသိပ္ပံအသင်းသည် ရလဒ်ကောင်းရယူနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အဖွင့်ပွဲမှာပင် အရှုံးဖြင့် စတင်ခဲ့ရသည်။ အရှေ့အာရှဇုန်တွင် ပါဝင်သည့် သုံးသင်းအနက် အမှတ်အများဆုံးရသည့် တစ်သင်းသာ နောက်ဆုံးအဆင့် ဗိုလ်လုပွဲ တက်ရောက်ခွင့်ရမည်ဖြစ်သောကြောင့် ရှုံးပွဲကြုံတွေ့ခဲ့သည့် အားကာသိပ္ပံအသင်းအနေဖြင့် အခွင့်အရေး နည်းသွားခဲ့ရသည်။

အားကာသိပ္ပံအသင်းတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းခေါင်းဆောင် ခင်မာလာထွန်း ဦးဆောင်ကာ လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင်အဆင့် ကစားသမားများ ပါဝင်ကစားခဲ့သည်။ အားကာသိပ္ပံအသင်းသည် လေးမိနစ်အတွင်း နှစ်ဂိုးပေးလိုက်ရသဖြင့် နောက်မှလိုက်ကစားခဲ့ရသလို  နှစ်ဂိုးအရှုံးမှ နှစ်ဂိုးပြန်သွင်းကာ သရေလိုက်ကစားနိုင်သော်လည်း နှစ်ဂိုးစီသရေကပြီး နှစ်မိနစ်အကြာမှာပင် တတိယဂိုးခွင့်ပြုခဲ့ရသဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ အားကာသိပ္ပံအသင်းအတွက် ချေပဂိုးများကို ၃၃ မိနစ်တွင် ခင်မာလာထွန်း၊ ၅၈ မိနစ်တွင် ရွှေရည်ထွန်းတို့က သွင်းယူပြီး တိုင်ချောင်ဘလူးအသင်းအတွက် ဂိုးများကို ၂၈၊ ၃၂၊ ၆၀ မိနစ်တို့တွင် သွင်းယူခဲ့သည်။

အားကာသိပ္ပံအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် သြဂုတ် ၁၈ ရက်တွင် ထိုင်းကလပ် COLLEGE OF ASIAN SCHOLARS အသင်းနှင့် ကစားရမည်ဖြစ်သည်။ အရှေ့အာရှဇုန်တွင် မြန်မာ၊ ထိုင်းနှင့် တရုတ်တိုင်ပေကလပ်တို့ ပါဝင်ယှဉ်ပြိုင်နေပြီး အမှတ်အများဆုံးရသည့် ကလပ်အသင်းမှာ အနောက်အာရှဇုန်မှ အမှတ်အများဆုံးရရှိသည့်အသင်းနှင့် ဗိုလ်လုပွဲ ပြန်လည်ကစားရမည်ဖြစ်သည်။

သတင်း-ရဲရင့်လွင်
ဓာတ်ပုံ-AFC