အာရှ ဖူဆယ်ကလပ်ပြိုင်ပွဲယှဉ်ပြိုင်ရန် VUC အသင်း အပြီးသတ်လေ့ကျင့်ပြင်ဆင်

နေပြည်တော် ၂၃ ဇူလိုင်

 


မြန်မာကလပ် VUC ဖူဆယ်အသင်းသည် သြဂုတ် ၇ ရက်မှ ၁၇ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည့် ၂၀၁၉ အာရှ ဖူဆယ်ကလပ်ပြိုင်ပွဲအတွက် အပြီးသတ်လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ 

 


VUC အသင်းသည် ယင်းပြိုင်ပွဲအတွက် ကစားသမား ၁၇ ဦးဖြင့် လေ့ကျင့်လျက်ရှိပြီး နည်းပြချုပ်အဖြစ် မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းနည်းပြ ဦးဌေးမြင့်ကို ယခုပြိုင်ပွဲအတွက် တာဝန်ပေးထားသည်။ VUC အသင်းသည် ယင်းပြိုင်ပွဲအတွက် အချိန်ယူပြင်ဆင်လျက်ရှိပြီး မူလက နိုင်ငံခြားသားကစားသမားနှစ်ဦး ခေါ်ယူအသုံးပြုရန် စီစဉ်ထားသော်လည်း အဆင်မပြေသောကြောင့် ပြည်တွင်းကစားသမားများဖြင့်သာ ယှဉ်ပြိုင်မည်ဖြစ်သည်။ 

 


VUC အသင်းသည် ယင်းပြိုင်ပွဲတွင် အုပ်စု (ဂ) တွင် လက်ဘနွန်၊ အင်ဒိုနီးရှား၊ တာဂျစ်ကစ္စတန် ကလပ်အသင်းများနှင့် ကျရောက်ခဲ့သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (က) တွင် ဆိပ်ကမ်း (ထိုင်း)၊ FC EREM (ကာဂျစ္စတန်)၊ ရှန်ကျန်နန်လင်း (တရုတ်)၊ ဆိုးလ် (တောင်ကိုရီးယား)၊ အုပ်စု (ခ) တွင် ထိုင်ဆွန်နမ် (ဗီယက်နမ်)၊ အယ်လ်ဝါဆတ် (အီရတ်)၊ အယ်လ်ရေယန် (ကာတာ)၊ AGMK (ဥဇဘက်ကစ္စတန်)၊ အုပ်စု (ဂ) တွင် ဘီရွတ် (လက်ဘနွန်)၊ ဗာမို့စ် (အင်ဒိုနီးရှား)၊ ဆိုရို (တာဂျစ်ကစ္စတန်)၊ VUC (မြန်မာ)၊ အုပ်စု (ဃ) တွင် မီဆန်ဂန် (အီရန်)၊ နာဂိုရာ (ဂျပန်)၊ အယ်လ်ဒါဖီရာ (ယူအေအီး)၊ KAZMA (ကူဝိတ်) တို့ ပါဝင်နေသည်။ VUC အသင်းသည် အုပ်စုအနေအထားအရ ၂၀၁၈ ပြိုင်ပွဲ တတိယဆုရ ဘီရွတ်အသင်းနှင့် ကျရောက်နေသလို တစ်အုပ်စုတည်းကျရောက်ခဲ့သည့် အင်ဒိုနီးရှားကလပ် ဗာမို့စ်အသင်းနှင့်လည်း ထပ်မံတွေ့ဆုံနေသည်။ VUC အသင်း ယင်းပြိုင်ပွဲတွင်း နှစ်ကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ၂၀၁၈ ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ 

 


VUC အသင်းသည် ပြိုင်ပွဲကျင်းပမည့် ထိုင်းနိုင်ငံသို့ ကြိုတင်သွားရောက်မည်ဖြစ်ပြီး ထိုင်းကလပ်အသင်းနှင့် ခြေစမ်းပွဲတစ်ပွဲကစားရန် စီစဉ်ထားသည်။ ပြိုင်ပွဲဝင်မည့် VUC အသင်းတွင် နည်းပြချုပ်-ဦးဌေးမြင့်၊ လက်ထောက်နည်းပြ-ဦးဇော်ရဲမောင်၊ ဂိုးနည်းပြ-ဦးမျိုးပိုင်စိုး၊ ကစားသမားများအဖြစ် ဇော်မျိုးထိုက်၊ ပြည့်ဖြိုးအောင်၊ ရဲထက်နိုင်၊ ရဲရင့်ဦး၊ သူရ၊ သန့်ဇင်ထွန်း၊ စိုးလင်းထက်၊ မျိုးမြင့်စိုး၊ ကောင်းဇော်ထက်၊ ဝေဇင်ဦး၊ သီဟစိုး၊ ငြိမ်းမင်းစိုး၊ ချမ်းသာ၊ အောင်ဇင်ဦး၊ နိုင်လင်းထွန်းကျော်၊ ထွဋ်ဝေထွန်းနှင့် ရဲဇော်လှိုင်တို့ ပါဝင်သည်။

 


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်