အာရှ ယူ-၁၆ ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲများ ကျင်းပမည်

ရန်ကုန် ၂၁ စက်တင်ဘာ


၂၀၂၀ အာရှ ယူ-၁၆ ခြေစစ်ပွဲ အုပ်စုနောက်ဆုံးနေ့ပွဲစဉ်များကို စက်တင်ဘာ ၂၂ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် တရုတ်တိုင်ပေအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။       

             
ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပနေသည့် အုပ်စု (K) နောက်ဆုံးနေ့အဖြစ် စက်တင်ဘာ ၂၂ ရက် ညနေ ၃ နာရီတွင် တောင်ကိုရီးယားအသင်းနှင့် ထိုင်းအသင်း၊ ညနေ ၆ နာရီတွင် မြန်မာအသင်းနှင့် တရုတ်တိုင်ပေအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အုပ်စု ဒုတိယနေ့ အပြီးတွင် တောင်ကိုရီးယားနှင့် ထိုင်းအသင်းက ခြောက်မှတ်စီရထားပြီး မြန်မာနှင့် တရုတ်တိုင်ပေအသင်းမှာမူ နှစ်ပွဲစလုံး ရှုံးနိမ့်ထားသည်။ တောင်ကိုရီးယားနှင့် ထိုင်းအသင်းတို့၏ပွဲမှာ ခြေစစ်ပွဲအောင်မြင်ရေး အဆုံးအဖြတ်ကစားရမည်ဖြစ်ပြီး မြန်မာနှင့် တရုတ်တိုင်ပေတို့၏ နောက်ဆုံးပွဲမှာ ဂုဏ်သိက္ခာအတွက် အနိုင်ရရန် ကြိုးပမ်းရမည် ဖြစ်သည်။ 


မြန်မာအသင်းသည် အဖွင့်ပွဲတွင် ထိုင်းအသင်းကို မထင်မှတ်ဘဲ လေးဂိုးပြတ် အရေးနိမ့်ခဲ့သော်လည်း ဒုတိယပွဲတွင်မူ အာရှထိပ်သီး တောင်ကိုရီးယားအသင်းကို တစ်ဂိုးဖြင့်သာ ကပ်၍ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် ပွဲချိန်ပြည့် တောင်ကိုရီးယားအသင်းတိုက်စစ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဒုတိယပိုင်းအစတွင် ပေးလိုက်ရသည့် ပယ်နယ်တီဂိုးကြောင့်သာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။


အာရှခြေစစ်ပွဲကို အုပ်စု ၁၁ ခုခွဲ၍ ကျင်းပနေပြီး အုပ်စုပထမနေရာရ ထိပ်ဆုံး ၁၁ သင်းနှင့် အကောင်းဆုံးဒုတိယနေရာရ လေးသင်းသာ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်