အာရှ ယူ-၁၉ ပြိုင်ပွဲအတွက် မြန်မာအမျိုးသမီးအသင်း ဇူလိုင် ၁ ရက် စတင်လေ့ကျင့်မည်

နေပြည်တော် ၈ ဇွန်

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ခြေစစ်ပွဲအောင်မြင်ထားသည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် ဇူလိုင် ၁ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ခြေစစ်ပွဲပြီးကတည်းက လေ့ကျင့်မှုရပ်နားထားခြင်းဖြစ်ပြီး နည်းပြချုပ်ဖြစ်သူ ဒေါ်သက်သက်ဝင်းမှာမူ ကစားသမားများရွေးချယ်ရန် အမျိုးသမီးလိဂ်ပွဲစဉ်များကို လိုက်လံကြည့်ရှုလျက်ရှိသည်။

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အာရှ ယူ-၁၉ ပြိုင်ပွဲယှဉ်ပြိုင်မည့် လူစာရင်းကို ရက်ပိုင်းအတွင်း ကြေညာမည်ဖြစ်ပြီး ကစားသမားအများစုမှာ ခြေစစ်ပွဲအပြီးတွင် သက်ဆိုင်ရာ ကလပ်အသင်းများနှင့်အတူ အမျိုးသမီးလိဂ် ယှဉ်ပြိုင်နေရသောကြောင့် နားရက်ရရှိစေရန် ဇူလိုင်လဆန်းမှ စတင်လေ့ကျင့်ခြင်းဖြစ်သည်။

 

mdn

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် နောက်ဆုံးအဆင့်တွင် အာရှထိပ်သီးအသင်းများနှင့် ကျရောက်နေသော်လည်း ခြေစွမ်းအဆင့်မီစွာ ယှဉ်ပြိုင်ပြီး ရလဒ်ကောင်းရယူနိုင်ရန် ပြင်ဆင်သွားမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲတွင် ခြေစစ်ပွဲ ပထမအဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့ရပြီး အဆင့်ဆင့်အောင်မြင်ကာ နောက်ဆုံးအဆင့်သို့ တက်လှမ်းခွင့်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် လက်ရှိချန်ပီယံ ဂျပန်အသင်းအပါအဝင် အာရှထိပ်သီးအသင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ပြိုင်ပွဲအကြိုပြင်ဆင်မှုများစွာ ပြုလုပ်မည်ဖြစ်ပြီး လေးလနီးပါး အချိန်ယူပြင်ဆင်မည်ဖြစ်သည်။

အုပ်စုခွဲဝေထားမှုအရ မြန်မာအသင်းသည် အုပ်စု (ခ) တွင် လက်ရှိချန်ပီယံ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားအသင်းတို့နှင့် ကျရောက်ခဲ့ပြီး အုပ်စု (က) တွင် အိမ်ရှင်ထိုင်း၊ မြောက်ကိုရီးယား၊ သြစတြေးလျနှင့် ဗီယက်နမ်အသင်းတို့ ပါဝင်နေသည်။ နောက်ဆုံးအဆင့်တွင် တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရထားသည့် လေးသင်း၊ ခြေစစ်ပွဲအောင်လေးသင်း၊ စုစုပေါင်းရှစ်သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး လေးသင်းနှစ်အုပ်စုခွဲ၍ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပြိုင်ပွဲကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အုပ်စုပွဲစဉ်များကို နှစ်ရက်ခြားတစ်ပွဲ ကစားမည်ဖြစ်သည်။ အုပ်စုပွဲများကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၃ ရက်၊ ဆီမီးဖိုင်နယ်ပွဲများကို နိုဝင်ဘာ ၆ ရက်၊ ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲကို နိုဝင်ဘာ ၉ ရက်တွင် ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းသည်အုပ်စုပွဲများအဖြစ် အောက်တိုဘာ ၂၈ ရက်တွင် ဂျပန်အသင်း၊ အောက်တိုဘာ ၃၁ ရက်တွင် တရုတ်အသင်း၊ နိုဝင်ဘာ ၃ ရက်တွင် တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်