အာရှအရှေ့ပိုင်းဒေသများတွင် အိုဇုန်းလွှာပျက်စီးမှု ပိုဆိုးလာ

ဝါရှင်တန် ၇ ဖေဖေါ်ဝါရီ


အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပအနောက်ပိုင်း ဒေသတွေမှာ အိုဇုန်းလွှာပေါက်ပြဲမှုတွေ လျော့နည်းလာပေမယ့် အာရှအရှေ့ပိုင်းမှာတော့ လေထုညစ်ညမ်းမှု ပိုများလာတာကြောင့် အိုဇုန်းလွှာ ပါးပြီး ပေါက်ပြဲမှု ပိုများလာကြောင်း သုတေသန လေ့လာဆန်းစစ်ချက် အစီရင်ခံစာအရ သိရပါတယ်။

 

အဆိုပါ အစီရင်ခံစာဟာ ကမ္ဘာ့အနှံအပြား အိုဇုန်းလွှာစောင့်ကြည့်ရေး အခြေစိုက် စခန်း  ၄၈၀ဝ က လေ့လာတွေ့ရှိမှုတွေကို ကောက်ချက်စွဲပြုစုထားတဲ့ ကမ္ဘာ့ပထမဆုံး အိုဇုန်းလွှာဆိုင်ရာ အကဲဖြတ် အစီရင်ခံစာ ဖြစ်ပါတယ်။

 

ကမ္ဘာတဝှမ်း လူသားများရဲ့ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေနဲ့ သိပ္ပံနည်းပညာတွေကို ဦးတည်ဖေါ်ဆောင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကမ္ဘာ့အဖွဲ့အစည်းကြီးတစ်ခု ဖွဲ့စည်းပြီး ယခုလို အစီရင်ခံစာကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

 

အစီရင်ခံစာအရ တရုတ်နိုင်ငံ၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံ တောင်ပိုင်းနဲ့ ဥရောပတောင်ပိုင်းမှာ ၂၀၁၀ ကနေ ၂၀၁၄ ခုနှစ်ထိ တွေ့ကြုံမှုတွေအရ တစ်နှစ်မှာ ၁၅ ရက်ကျော်ဟာ အိုဇုန်းလွှာပျက်ဆီးမှု 70 parts per billion (ppb) (တစ်ဘီလီယံမှာ ၇၀ လောက်) ထိ ရှိခဲ့တယ်လို့ ဆင်ဟွာသတင်းအရ သိရပါတယ်။

 

မြောက်အမေရိကနှင့် ဥရောပမှာ အိုဇုန်းလွှာ ထိခိုက်မှု လျော့ကျလာပေမဲ့ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်၊ အရီဇိုးနား၊ ကော်လိုရာဒို၊ တက္ကဆက်နဲ့ အတ္တလန္တိတ် အရှေ့အလယ်ပိုင်း ဒေသတွေမှာတော့ အိုဇုန်းလွှာ ပျက်ဆီးမှုကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရပါတယ်။

 

“ အိုဇုန်းလွှာဟာ လူ့သားတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ဆက်နွယ်မှုရှိနေပြီး အာရှအရှေ့ပိုင်းနဲ့ တစ်ကမ္ဘာလုံးအတွက်လည်း စိုးရိမ်စရာဖြစ်နေတုန်းပါပဲ။ အဓိကကတော့ လူဦးရေ တိုးပွားလာတာဟာ အဓိကအချက်ပါပဲ” လို့  လတ်စတာ တက္ကသိုလ် အမျိုးသား လေထုသိပ္ပံစင်တာက သုတေသနပညာရှင် Zoe Fleming က ပြောကြားခဲ့ပါတယ်။ အိုဇုန်းလွှာဟာ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးထားတဲ့ ဖန်လုံအိမ် ဓါတ်ငွေ့တစ်မျိုးဖြစ်ပြီး ယခုအခါ လေထုညစ်ညမ်းမှုတွေကြောင့် ပေါက်ပြဲပျက်စီးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အိုဇုန်းလွှာ ပေါက်ပြဲမှုကြောင့် လူသားတွေရဲ့ ကျန်းမာရေးနဲ့ဂေဟစနစ်ကို ထိခိုက် လျက်ရှိပါတယ်။

 

MDN

ကိုးကား- ဆင်ဟွာ