အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အာဆီယံဥက္ကဋ္ဌများ အစည်းအဝေးသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော် တက်ရောက်

ကွာလာလမ်ပူ  ၁၉  မတ်

အာရှဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အာဆီယံနိုင်ငံများမှ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌများ အစည်းအဝေးကို ယနေ့ညနေပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မန်ဒရင် အိုရီယံတယ်ဟိုတယ်တွင် ကျင်းပရာ အာဆီယံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဖြစ်သည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် တက်ရောက်ခဲ့သည်။ ယင်းအစည်းအဝေးသို့ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အယ်လ်ခါလီဖာ အပါအဝင် အာဆီယံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အမှုဆောင်များ၊ အဖွဲ့ဝင်နိုင်ငံများမှ ဥက္ကဋ္ဌများနှင့်တွေ့ဆုံကာ အာဆီယံ ဘောလုံးလောက ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အာဆီယံနိုင်ငံများမှ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌများတွေ့ဆုံရာတွင် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဇော်ဇော်က အာရှဘောလုံး အဖွဲ့ချုပ် အနေဖြင့် လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းများတွင် ယခုထက်ပို၍ ငွေကြေးဘက်ဂျက်ပိုမိုသုံးစွဲပေးသင့်ပါကြောင်း၊ ကစားသမား အပြောင်းအရွှေ့စည်းမျဉ်းဖြစ်သည့် (4+1) စနစ်ကို ပြန်လည်သုံးသပ်သင့်ပါကြောင်း၊ အာဆီယံနိုင်ငံများမှ ကစားသမားများ အနေဖြင့် အာရှကလပ်အသင်းများတွင် ပါဝင်ကစားခွင့်ရရေးအတွက် နည်းလမ်းများ ဖွင့်ပေးထားသင့်ပါကြောင်း၊ လူငယ် ဖွံဖြိုးရေးစီမံကိန်းများကို ပိုမိုဦးစားပေး ဆောင်ရွက်သင့်ပါကြောင်း အဆိုပြု တိုက်တွန်းခဲ့သည်။

"ကျွန်တော်တို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေနဲ့လည်း ပြည်တွင်းမှာ လူငယ်ဖွံ့ဖြိုးရေးတွေကို အဓိက ဦးစားပေး ဆောင်ရွက်နေပါတယ်။ စနစ်တကျ ငွေကြေးရင်းနှီးမြှပ်နှံပြီး အကယ်ဒမီတွေ ဘောလုံးပွဲတော်တွေ သင်တန်းတွေ ဖွင့်လှစ်ပေးနေသလို လူငယ်သက်တမ်းလိုက် ပြိုင်ပွဲတွေကိုလည်း တောက်လျှောက်ကျင်းပပေး နေပါတယ်။ အာရှဘောလုံးအဖွဲ့ချုပ် အနေနဲ့လည်း လူငယ်စီမံကိန်းတွေ အတွက် ငွေကြေးပိုမိုသုံးစွဲမယ်ဆိုရင် အာရှရဲ့ အနာဂတ်က ပိုမိုတောက်ပလာမှာပါ" ဟု အာဆီယံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောကြားသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်သည် အာဆီယံဘောလုံးအဖွဲ့ချုပ်တွင်လည်း ဒုတိယဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားသူဖြစ်ပြီး မြန်မာ့ဘောလုံးတိုးတက်ရေး အပါအဝင် အာဆီယံဘောလုံးလောက တိုးတက်ရေးအတွက် ယခုကျင်းပခဲ့သည့် အာရှဘောလုံးအဖွဲ့ချုပ်အစည်းအဝေးတွင် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

သတင်း-ဖိုးသော်ဇင်

ဓာတ်ပုံ-MFF