အာရှခြေစစ်ပွဲအတွက် မြန်မာ ယူ-၁၉ အသင်း စတင်ပြင်ဆင်

၁၂ စက်တင်ဘာ


မြန်မာ ယူ-၁၉ အမျိုးသားအသင်းသည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် ယနေ့နံနက်ပိုင်းမှစ၍ လေ့ကျင့်ပြင်ဆင်ခဲ့သည်။


မြန်မာ ယူ-၁၉ အမျိုးသားအသင်းကို ကစားသမား ၂၈ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး နှစ်လနီးပါး အချိန်ယူ ပြင်ဆင်သွားမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းတွင် နည်းပြချုပ်-ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြ-ဦးမင်းမင်းထွန်း၊ ဦးအောင်လတ်သူ၊ ဂိုးနည်းပြ-ဦးစိန်အေး၊ ကစားသမားများအဖြစ် ဂိုး-နေလင်းထက်၊ ပြည့်ဖြိုးသူ၊ စောထက်၊ နောက်တန်း-သက်ဟိန်းစိုး၊ ဉာဏ်လင်းထက်၊ စည်သူမိုးခန့်၊ ရှင်းသန့်အောင်၊ ဝေယံစိုး၊ စောထော်နေမှူး၊ ကောင်းခန့်ကျော်(၁)၊ မျိုးကိုကိုလင်း၊ အလယ်တန်း-ရဲမင်းကျော်၊ နောင်နောင်စိုး၊ ဇော်ဝင်းသိန်း၊ အောင်ကိုဦး၊ ရန်ကျော်စိုး၊ ပြည့်ဖြိုးအောင်၊ ခွန်ကျော်ဇင်ဟိန်း၊ မိုးဆွေ၊ ဟိန်းထက်အောင်၊ သူရအောင်၊ ရန်နိုင်လင်း၊ ရှေ့တန်း-လမင်းထွေး၊ ညီညီ၊ စောကျော်အဲ၊ သြဘာခ၊ ရဲထက်အောင်၊ ကောင်းဇင်မိုးတို့ ပါဝင်ကြသည်။  မြန်မာ ယူ-၁၉ အသင်းသည် ၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ကစားသမား ၂၃ ဦးကို အခြေခံကာ ချန်လှပ်ခဲ့သည့် ကစားသမားများဖြင့် ပြန်လည်ပူးပေါင်းကာ လေ့ကျင့်နေခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် လေ့ကျင့်မှု စတင်ပြုလုပ်သည့်အချိန်ဖြစ်သောကြောင့် ကြံ့ခိုင်မှု ဦးစားပေး လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။


မြန်မာ ယူ-၁၉ အသင်းသည် အာရှခြေစစ်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့်  စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၁ ရက်အထိကျင်းပမည့် တရုတ်တိုင်ပေဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အောက်တိုဘာတွင်လည်း နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲကို နိုဝင်ဘာ ၆ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး မြန်မာ၊ တောင်ကိုရီးယား၊ တရုတ်နှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ယခုနှစ်အတွင်း ပြည်တွင်း၊ ပြည်ပပြိုင်ပွဲများစွာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲနှင့် ၂၀၁၉ ရာသီ MNL ယူ-၂၁ အမှတ်ပေးပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သည်။


သတင်း-ညီမြတ်သော်တာ