ရန်ကုန် မတ် ၂၉
မြန်မာ ယူ-၁၇ အမျိုးသမီး လူငယ်လက်ရွေးစင်အသင်းသည် ၂၀၂၆ အာရှဖလား ယူ-၁၇ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ရလဒ်ကောင်းရယူနိုင်ရန် သိပ္ပံနည်းကျကြံ့ခိုင်မှု လေ့ကျင့်ခန်းများပြုလုပ်ကာ လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။
မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းသည် အာရှဖလား ယူ-၁၇ ပြိုင်ပွဲ အုပ်စုအဆင့်တွင် အိမ်ရှင်တရုတ်၊ ထိုင်း၊ ဗီယက်နမ် စသည့် ခြေစွမ်းကောင်းမွန်သည့် အသင်းများနှင့် တစ်အုပ်စုတည်းကျရောက်နေသဖြင့် ရလဒ်ကောင်းရယူနိုင်ရန် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။ မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းသည် မတ် ၁၂ ရက်နှင့် ၁၄ ရက်တို့တွင် အိန္ဒိယ ယူ-၁၇ အမျိုးသမီးလူငယ်လက်ရွေးစင်အသင်းနှင့် ရန်ကုန်မြို့တွင် ခြေစမ်းပွဲနှစ်ပွဲကစားခဲ့ပြီး နှစ်ပွဲစလုံးအရေးနိမ့်သည့်အပြင် လိုအပ်ချက်များရှိနေသဖြင့် ပြိုင်ပွဲမတိုင်မီ လိုအပ်ချက်၊ အားနည်းချက်များ အချိန်မီ ပြင်ဆင်နေခြင်းဖြစ်သည်။ မြန်မာ ယူ-၁၇ အမျိုးသမီးအသင်း သည် ကြိုတင်ပြင်ဆင်မှုအပိုင်းကို အရှိန်မြှင့်တင်ဆောင်ရွက်နေပြီး ကြံ့ခိုင်မှုအပိုင်း ဦးစားပေးဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။
မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းမှ အားကစားသမားများ အား Body Composition တိုင်းတာခြင်း - Inbody Measurement စစ်ဆေးမှုများပြုလုပ်ခဲ့သလို Endurance & Fitness Test - ကစားသမားများ၏ အမောခံနိုင်ရည်နှင့် ကြံ့ခိုင်မှုသိရှိနိုင်ရန် Yo-Yo Test နဲ့ Fitness Test စစ်ဆေး ခြင်း၊ ကစားသမားများ၏စွမ်းဆောင်ရည် ပိုမိုကောင်းမွန် လာစေရန် အစားအသောက်စားသုံးမှုပုံစံ ပြောင်းလဲပေးထားသလို လိုအပ်သည့်ပရိုတင်း ဖြည့်စွက်စာများလည်း စနစ်တကျတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။ Body Composition တိုင်းတာခြင်းမှ ကစားသမားတစ်ဦးချင်းစီ၏ ခန္ဓာကိုယ်တွင်ရှိသည့် ကြွက်သားထုထည် (Muscle Mass)၊ အဆီဓာတ်(Body Fat %)နှင့် ရေဓာတ်ပမာဏ စသည့် အသေးစိတ်ရလဒ်များကိုသိရှိပြီး ယင်းရလဒ်အပေါ် မူတည်ကာ ကစားသမားတစ်ဦးချင်းစီအတွက် အသင့်တော်ဆုံးလေ့ကျင့်ခန်းနှင့် အာဟာရပိုင်းကို အသေးစိတ်စီမံပေးနေကြောင်း မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။
မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၂၆ အာရှဖလား ယူ-၁၇ အမျိုးသမီးပြိုင်ပွဲကို မေ ၁ ရက်မှ ၁၇ ရက်အထိ တရုတ်နိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။
သတင်း - ကိုညီလေး၊ ဓာတ်ပုံ -MFF


