ရန်ကုန်     မေ     ၂၈

အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၇ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲကို ပုံစံအသစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် Development phase အုပ်စု (K) တွင် ကျရောက်ခဲ့သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို မေ ၂၈ ရက်က ပြုလုပ်ခဲ့ပြီး ပုံမှန်ကျင်းပနေသည့်   ခြေစစ်ပွဲတွင်  အုပ်စု  ရှစ်ခု၊ Development phase တွင် အုပ်စု သုံးခု ပါဝင်မည်ဖြစ်သည်။ မြန်မာအသင်းသည် ယခင်ခြေစစ်ပွဲများတွင် ရလဒ်မကောင်းခြင်းကြောင့် ၂၀၂၇ ပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်မည့် ခြေစစ်ပွဲအုပ်စုတွင် ပါဝင်ခွင့်မရဘဲ Development phase တွင်သာ ကစားရမည်ဖြစ်သည်။ Development phase အုပ်စုသုံးခုတွင် အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံးနှစ်သင်းစီမှာ လာမည့်နှစ်ခြေစစ်ပွဲတွင် ပါဝင်ကစားခွင့်ရမည်ဖြစ်သည်။ ခြေစစ်ပွဲ အုပ်စုမဲခွဲမှုအရ အုပ်စု (A) တွင်   တောင်ကိုရီးယား၊   ကာဂျစ္စတန်၊ ဖိလစ်ပိုင်၊ လက်ဘနွန်၊ အုပ်စု (B) တွင်ဥဇဘက် ကစ္စတန်၊ ဆီးရီးယား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အုပ်စု(C) တွင် အီရန်၊ ဗီယက်နမ်၊ မြောက်ကိုရီးယား၊  ပါလက်စတိုင်း၊  အုပ်စု(D)တွင် ဂျော်ဒန်၊ တာဂျစ်ကစ္စတန်၊ ဘာရိန်း၊ အာဖဂန် နစ္စတန်၊   အုပ်စု(E) တွင်   ဆော်ဒီအာရေဗျ၊ ကာတာ၊ အိုမန်၊ ဟောင်ကောင်၊ အုပ်စု(F) တွင် အီရတ်၊ ထိုင်း၊ ယူအေအီး၊ တာ့ခ်မင်နစ္စတန်၊ အုပ်စု(G) တွင်  ဂျပန်၊ ယီမင်၊ ကမ္ဘောဒီးယား၊ ကူဝိတ်၊ အုပ်စု(H)တွင် သြစတြေးလျ၊ အင်ဒို နီးရှား၊ မလေးရှားနှင့် လာအိုအသင်းတို့ ပါဝင်သည်။ Development phase အုပ်စု(I) တွင် မွန်ဂိုလီးယား၊ ဂူအမ်၊ နီပေါ၊ မြောက်မာရီယာနာ ကျွန်းစု၊ အုပ်စု(J) တွင် တရုတ်တိုင်ပေ၊စင်ကာပူ၊ ဘူတန်၊  မကာအို၊ အုပ်စု(K)တွင်  မြန်မာ၊ မော်လ်ဒိုက်၊ ဘရူနိုင်း၊ သီရိလင်္ကာအသင်းတို့ ပါဝင်သည်။

ခြေစစ်ပွဲကို သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်း ပါဝင်သော အုပ်စု(K) ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းကို ဂျပန်နိုင်ငံသား နည်းပြချုပ် ယူဂျီက ကိုင်တွယ်နေပြီး   ဇွန် ၁ ရက်မှ ၁၃ ရက်အထိ  အင်ဒိုနီးရှားနိုင်ငံ၌  ကျင်းပမည့် အာဆီယံ  ယူ-၁၉   ချန်ပီယံရှစ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်မည်ဖြစ်သည်။                       

ကိုညီလေး