ကိုရင်ဩ - ရေးသားသည်
ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ် ကို အာရှ- ပစိဖိတ်ဒေသရှိ နိုင်ငံပေါင်း ၁၅ နိုင်ငံတို့က တက်စေ့လက်စေ့ လက်မှတ်ရေးထိုးလိုက်ကြသည်ဆို သော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ၏ “စစ်မျက်နှာ” အတွင်း ဒဏ်ရာဒဏ်ချက် ပြင်းပြင်းရရှိခဲ့ကြသည့် နိုင်ငံများ စီးပွားရေးအရ ပြန်လည်နာလန်ထူလာနိုင်စေမည့် ဝါယမပြုကြိုးပမ်းမှုအဖြစ် ရှုမြင်မိရင်း ယင်းသဘော တူညီချက်၏ အကျိုးသက်ရောက်မှုများ မည်သို့ရှိလာ နိုင်သည်ကို စေ့ငုလေ့လာမိလေ၏။
လက်မှတ်ရေးထိုး
ကမ္ဘာ့စီးပွားရေးနယ်ပယ်၏ သုံးပုံတစ်ပုံခန့်အထိ လွှမ်းခြုံထားသော ကုန်သွယ်ရေးသဘောတူညီချက်အဖြစ် “ဒေသဆိုင်ရာ အလုံးစုံစီးပွားရေး မိတ်ဖက်ပြုရေး” (Regional Comprehensive Economic Partnership) အမည်ရှိ သဘောတူညီချက်ကို နိုဝင်ဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြလေသည်။
RCEP (ဝါ) “အာရ်ဆက်” ဟု ခေါ်တွင်သော အဆိုပါ သဘောတူညီချက်သည် လွတ်လပ်သော ကုန်သွယ်ရေး စာချုပ်များအနက် အကြီးကျယ်ဆုံး စာချုပ်အဖြစ် သမိုင်းဝင် သမိုင်းတွင်ရစ်ပေပြီ။
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)အဖွဲ့ဝင် ၁၀ နိုင်ငံနှင့်အတူ တရုတ်၊ ဩစတြေးလျ၊ တောင်ကိုရီးယား၊ ဂျပန်နှင့် နယူးဇီလန်နိုင်ငံတို့သည် “အာရ်ဆက်” သဘောတူညီချက်တွင် ပါဝင်ကြ၏။
၂၀၂၀ ပြည့်နှစ် အခြေပြစာရင်းဇယားအရ ကမ္ဘာ့ လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့် (လူဦးရေ ၂ ဒသမ ၂ ဘီလီယံ)၊ ကမ္ဘာ့ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်းခန့်(ဒေါ်လာ ၂၆ ဒသမ ၂ ထရီလီယံ)တို့ကို လွှမ်းခြုံထားသော နိုင်ငံပေါင်း ၁၅ နိုင်ငံတို့က အဆိုပါ ကုန်သွယ်ရေးသဘောတူညီချက် တွင် ပါဝင်ကြ၏။
အာဆီယံနှင့် ယင်း၏ ကုန်သွယ်ဖက်နိုင်ငံများအနက် မှ နိုင်ငံငါးနိုင်ငံတို့သည် ယခင်ရှိရင်းစွဲနှစ်နိုင်ငံ အပြန် အလှန် သဘောတူညီချက်များကို အခြေပြုလျက် ဒေသဆိုင်ရာ ကုန်သွယ်ရေးအုပ်စုအဖြစ် အခိုင်အမာ ရပ်တည်လာနိုင်စေမည့် “အာရ်ဆက်” သဘောတူညီချက် ကို အသက်သွင်းကြပေတော့မည်။
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် ကမကထပြုသော အာဆီယံထိပ်သီးဆွေးနွေးပွဲကို “အွန်လိုင်း” အသုံးပြု၍ ကျင်းပခဲ့ပြီး ကမ္ဘာ့သမိုင်းတွင် အကြီးကျယ်ဆုံး ကုန်သွယ်ရေး သဘောတူညီချက်ကို အစပျိုးနိုင်ခဲ့လေပြီ။
တစ်ပြိုင်နက် အာဏာသက်ဝင်မည်
“အာရ်ဆက်”တွင် ပါဝင်လက်မှတ်ရေးထိုးကြသော နိုင်ငံများအနက် အာဆီယံဒေသမှ အနည်းဆုံးအရေ အတွက် နိုင်ငံခြောက်နိုင်ငံ၊ အာဆီယံမဟုတ်သော နိုင်ငံ များအနက် အနည်းဆုံးအရေအတွက် နိုင်ငံသုံးနိုင်ငံတို့က သဘောတူညီချက်ကို အတည်ပြုပေးပြီးသည်နှင့် တစ်ပြိုင်နက်တည်း အဆိုပါသဘောတူညီချက်မှာ အာဏာသက်ဝင်လာပေလိမ့်မည်။
“အာရ်ဆက်”တွင်ပါဝင်သော နိုင်ငံများကို ကြည့်လျှင် “ဝင်ငွေနိမ့်နိုင်ငံများ”၊ “ ဝင်ငွေအလယ်အလတ်ရှိ နိုင်ငံ များ” နှင့် “ဝင်ငွေမြင့်နိုင်ငံများ” ဟူ၍ တွေ့မြင်ရပြီး နိုင်ငံ များအချင်းချင်း ရှစ်နှစ်ကြာမျှ ကုန်သွယ်ရေးဆွေးနွေးပွဲများ ပြုလုပ်ခဲ့ခြင်း၏ အသီးအပွင့်ကို ဆွတ်ခူးနိုင်ကြပေပြီ။
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ၂၀၁၁ ခုနှစ်က ကျင်းပ ခဲ့သော အာဆီယံထိပ်သီးညီလာခံတွင် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်ရရှိရေး အယူအဆကို ကနဦး ထုတ်ဖော်တင်ပြခဲ့ခြင်းဖြစ်၏။ ၂၀၁၂ ခုနှစ် အာဆီယံထိပ်သီးညီလာခံကို ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပစဉ်အတွင်း ဒေသဆိုင်ရာကုန်သွယ်ရေး ဆွေးနွေး ပွဲများကို တရားဝင်စတင်စေခဲ့၏။
ဒေသဆိုင်ရာ လွတ်လပ်သော ကုန်သွယ်ရေးသဘော တူညီချက် အသက်ဝင်လာအပြီး နှစ်ပေါင်း ၂၀ ကာလ အတွင်း သဘောတူညီချက်တွင် ပါဝင်သော နိုင်ငံများ အကြား သွင်းကုန်များအပေါ် ကုန်သွယ်စည်းကြပ်ခွန် ကောက်ယူမှု ၉၀ ရာခိုင်နှုန်းခန့်အထိ အပြီးတိုင်ဖျက်သိမ်းရန် ဒေသဆိုင်ရာနိုင်ငံများ မျှော်မှန်းခဲ့ကြလေသည်။
ထို့အပြင် အီလက်ထရွန်နစ်-ကူးသန်းရောင်းဝယ်ရေး (ဝါ)အီး-ကောမာ့စ်၊ ဝါဏိဇ္ဇရေးရာများနှင့် ဉာဏမူပိုင်ခွင့် ကိစ္စရပ်များတွင် ဥပဒေစည်းမျဉ်းများအရ ဒေသတွင်းနိုင်ငံ များ တစ်ပြေးညီကျင့်သုံးကြရန်လည်း ဦးတည်ခဲ့ကြလေ သည်။
အထောက်အကူပေးနိုင်မည်
ကုန်သွယ်ရေးဆိုင်ရာ ဥပဒေစည်းမျဉ်းများကို တညီ တညွတ်တည်း တစ်သဝေမတိမ်း ကျင့်ကြံလိုက်နာကြခြင်း ဖြင့် “နိုင်ငံတကာထောက်ပို့ကွန်ရက်ကြီး”(ဝါ) ထုတ်လုပ်သူ မှသည် စားသုံးသူအထိ ဆက်နွှယ်နေသောထောက်ပံ့ရေးလမ်းကြောင်း ချောမွေ့စေရေးအတွက်လည်းကောင်း၊ ကုန်သွယ်ရေးအုပ်စုအတွင်းရှိ နိုင်ငံများ၏ ပို့ကုန်စရိတ် စကများ လျှော့ချနိုင်စေရေးအတွက် လည်းကောင်း အထောက်အကူ ပေးနိုင်ပေလိမ့်မည်။
“အာရ်ဆက်” သဘောတူညီချက်၏ ထူးခြားသော အင်္ဂါရုပ်တစ်ခုမှာ အာရှတိုက်ရှိ စီးပွားရေးထိပ်သီးလေးနိုင်ငံ အနက် သုံးနိုင်ငံတို့ဖြစ်သော တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား တို့ ပါဝင်ကြခြင်းဖြစ်ပြီး အရှေ့အာရှဒေသ သုံးနိုင်ငံအကြား ပထမဆုံးအကြိမ် လွတ်လပ်သော ကုန်သွယ်ရေးသဘော တူညီချက်ကို မကြုံစဖူး ထူးထူးကဲကဲရရှိလိုက်ကြခြင်းဖြစ် သည်။
အာရှ၏စီးပွားရေး ထိပ်သီးအိန္ဒိယနိုင်ငံမှာမူ “အာရ်ဆက်” တွင် ပူးပေါင်းပါဝင်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့၏။ အကြောင်း မူကား ယင်းသဘောတူညီချက်တွင် ပါဝင်ခြင်းဖြင့် ပြည်တွင်းရှိ လုပ်ငန်းများနှင့် ထုတ်လုပ်သူများအပေါ် ထိခိုက်နစ်နာမှု ရှိလာနိုင်ခြင်းကြောင့် ဖြစ်သည်ဆို၏။
“အာရ်ဆက်” သဘောတူညီချက်သည် မိမိနိုင်ငံ၏ ပြည်သူ ပြည်သားများအပေါ် အကျိုးစီးပွားအရ ထိခိုက် နစ်နာမှုရှိလာနိုင်သည့်အမြင်ကို ထင်ဟပ်နေသည်ဟုဆိုကာ အိန္ဒိယနိုင်ငံက လက်တွဲဖြုတ်ခဲ့သည်။
အိန္ဒိယနိုင်ငံသည် လွန်ခဲ့သည့်နှစ်မှစ၍ ဒေသဆိုင်ရာ ကုန်သွယ်ရေးမိတ်ဖက်ပြုရေးဆွေးနွေးပွဲများမှ ဖယ်ကြဉ် ထွက်ခွာခဲ့၏။ ၂၀၁၃ ခုနှစ်မှစ၍ ဒေသတွင်းကုန်သွယ်ရေး အုပ်စု ထူထောင်ရေးရည်မှန်းချက်အရ ဆွေးနွေးညှိနှိုင်းမှု များကို အခါခပ်သိမ်းပြုလုပ်လာခဲ့ပြီး ယင်းနိုင်ငံအနေဖြင့် ယင်းအုပ်စုတွင် ပါဝင်မည်ဟု အများက မျှော်လင့်စောင့်စား ခဲ့ကြ၏။ သို့ဖြစ်စေကာမူ လွန်ခဲ့သည့်နှစ် နိုဝင်ဘာ ၄ ရက် အရောက်တွင် ဒေသဆိုင်ရာကုန်သွယ်ရေးဆွေးနွေးပွဲများမှ ထွက်ခွာရန် အိန္ဒိယနိုင်ငံက ဆုံးဖြတ်ခဲ့၏။
နိုင်ငံတော်၏ စီးပွားရေးရှုထောင့်အမြင်အရ အကျိုး စီးပွားချင်းလွန်ဆွဲရသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အပြီးတိုင် ညှိနှိုင်းဖြေရှင်းရန် နောက်ဆုံးအချိန်ဇယား သတ်မှတ်ချက်ရှိခဲ့သော်လည်း ပြေလည်မှုအနေအထားသို့ မရောက်ရှိခဲ့ကြောင်း အိန္ဒိယတာဝန်ရှိသူများက ပြောကြား ကြသည်။
လယ်ယာထွက်ကုန်ပစ္စည်းများ ကုန်သွယ်ခြင်း၊ နို့ထွက် ကုန်ပစ္စည်းများ ကုန်သွယ်ခြင်းဟူသော လုပ်ငန်းရပ်ကြီး များနှင့်ပတ်သက်၍ ပြည်တွင်းရှိ ထုတ်လုပ်သူများ၏ အကျိုး စီးပွားများ အထိအခိုက်မခံလိုရကား အိန္ဒိယမှာ “အာရ်ဆက်” နှင့်အတူ ခရီးဆက်ရန် မဖြစ်နိုင်တော့ချေ။ ပြည်တွင်းရှိ လယ်ယာဦးကြီးများနှင့် မွေးမြူရေးသမားများကလည်း သူတို့၏ အကျိုးစီးပွားများကို ထိခိုက်စေနိုင်သော ဒေသတွင်း ကုန်သွယ်ရေးသဘောတူညီချက်ကို လက်ခံနိုင်ခြင်းမရှိဟု ဆိုကာ ဆန္ဒပြခဲ့ကြပြီး ကွန်ဂရက်လွှတ်တော်တွင် အဆုံး အဖြတ်ရယူရာတွင်လည်း “အာရ်ဆက်” တွင် ပါဝင်ခြင်း မပြုသည့်ဘက်မှ အလေးသာခဲ့လေသည်။
“အာရ်ဆက်” သဘောတူညီချက်ကို အိန္ဒိယလက်ခံလိုက် မည်ဆိုလျှင် မိမိ၏နိုင်ငံအတွင်းသို့ သွင်းကုန်ပစ္စည်းများ အောတိုက်ဝင်ရောက်လာကာ ပြည်တွင်းရှိ ထုတ်လုပ်သူများ စီးပွားပျက်ရမည့်အရေးအတွက် ယင်းနိုင်ငံက ရတက်မအေး ခဲ့ပေ။
အကျိုးစီးပွားပျက်စီးရအံ့
အိန္ဒိယနိုင်ငံ၏ ဈေးကွက်များအတွင်းသို့ တရုတ်နိုင်ငံ လုပ်ကုန်ပစ္စည်းများ၊ ဩစတြေးလျနှင့် နယူးဇီလန်လုပ် နို့ထွက် ကုန်ပစ္စည်းများ တံခါးမရှိ ဓားမရှိ အောတိုက်ဝင်ရောက် လာခြင်းဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ အကျိုး စီးပွား ဆုတ်ယုတ်ပျက်စီးရပေအံ့ဟူ၍ ရှုမြင်ကြသည်။
“အာရ်ဆက်” သဘောတူညီချက်အရ အိန္ဒိယနိုင်ငံသည် ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့မှ တင်ပို့သော ကုန်ပစ္စည်း များအပေါ် ကုန်သွယ်စည်းကြပ်ခွန် ၈၆ ရာခိုင်နှုန်း၊ အာဆီယံ၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ တင်ပို့သော ကုန်ပစ္စည်းများအပေါ် ကုန်သွယ်စည်းကြပ်ခွန် ၉၀ ရာခိုင် နှုန်းအထိ အဆင့်အလိုက် လျှော့ချပေးလာရပေလိမ့်မည်။
ဈေးကွက်ဖွင့်ပေးရေးကို ဦးတည်သည့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်များသည် “ကိုယ်ကျိုး စီးပွားကာကွယ်ရေးမူဝါဒ” ကို ချေဖျက်ကာ ကမ္ဘာနှင့်ချီ၍ “ယှဉ်ပြိုင်လုပ်ကိုင်နိုင်စွမ်း” ကို မြှင့်တင်အားပေးသည်ဟု ဆိုသော်လည်း ကုန်သွယ်ရေးအရ အင်အားချင်းမမျှတ အနေအထားဖြင့် ကာလကြာရှည်ခရီးဆက်ရမည့်အရေးမှာ နိုင်ငံတိုင်းအတွက် ရင်လေးစရာဖြစ်ရ၏။
မျက်မှောက်ကာလဒေသဆိုင်ရာ ကုန်သွယ်ရေးအခင်း အကျင်းကိုကြည့်ပါက “အာရ်ဆက်” အဖွဲ့ဝင် နိုင်ငံအများစု နှင့် ကုန်သွယ်ရာတွင် အိန္ဒိယနိုင်ငံဘက်မှ ကုန်သွယ်ရေး “လိုငွေပြမှု” က အလေးသာနေ၏။ အိန္ဒိယနိုင်ငံသည် ယင်း၏ ကုန်သွယ်ဖက်နိုင်ငံများအတွက် အလွန်တရာ ကြီးကျယ်ခမ်းနားလှသည့် ဈေးကွက်ကြီးတစ်ခုအဖြစ် ရပ်တည်ပေးနေသော်လည်း “အာရ်ဆက်” သဘောတူညီ ချက်အရ ယင်းနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းများနှင့် ဝန်ဆောင် မှုပေးသော လုပ်ငန်းများအတွက် အကျိုးကျေးဇူးများလှ ဟု ဆိုနိုင်ပေအံ့။
အိန္ဒိယနိုင်ငံသည် အပြန်အလှန်ကုန်သွယ်ရေးနှင့် ဒေသဆိုင်ရာကုန်သွယ်ရေး သဘောတူညီချက်အများ အပြားနှင့်အတူ ကုန်သွယ်မှုပြုလာခဲ့သည်မှာ နှစ်ပရိစ္ဆေဒ ကြာမြင့်ခဲ့ပေပြီ။
သဘောတူညီချက်များရရှိ
အိန္ဒိယနိုင်ငံသည် ကုန်သွယ်ရေးအရ အထူးအခွင့် အရေးပေးအဆင့်ကို ရရှိထားသလို လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်များကို နိုင်ငံပေါင်း ၅၄ နိုင်ငံခန့်နှင့်လည်းကောင်း၊ အလုံးစုံစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်များကို နိုင်ငံပေါင်း ၁၈ နိုင်ငံခန့်နှင့်လည်းကောင်း ရရှိခဲ့ပြီးဖြစ်၏။
အိန္ဒိယနိုင်ငံ၏ ”ကုန်သွယ်ရေး ချိန်ခွင်လျှာ” အပေါ် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်များ က အကျိုးသက်ရောက်မှု မည်သို့ရှိပုံကို သုတေသီများက လေ့လာသုံးသပ်ရာတွင် “ကိုယ့်နိုင်ငံက တင်ပို့ရမှုက နည်းနည်း၊ သူများနိုင်ငံက တင်သွင်းရမှုက များများ” အခြေ အနေကို တွေ့မြင်ရသည်ဆို၏။
အိန္ဒိယနှင့် တရုတ်နိုင်ငံအကြား “လာဒက်ဒေသ” တွင် ပိုင်နက်နယ်မြေ အငြင်းပွားမှုအရ စစ်ရေးတင်းမာမှုများ ရှိခဲ့ခြင်းသည်လည်း တရုတ်နိုင်ငံပါဝင်နေသော “အာရ်ဆက်” သဘောတူညီချက်သစ်တွင် အိန္ဒိယပါဝင်လိုခြင်းမရှိသော အကြောင်းတရား တစ်စိတ်တစ်ဒေသအဖြစ် တွေ့မြင် ရပြန်သေးသည်။
ကူပံ့ပေးမည့်သဘောတူညီချက်
“အာရ်ဆက်” သဘောတူညီချက်ကို စီးပွားရေး ရှုထောင့် အမြင်အရ ကြည့်သည်မဟုတ်မူ၍ နိုင်ငံရေးရှုထောင့် အမြင်အရ ကြည့်သူများက ယင်းသဘောတူညီချက်သည် တရုတ်နိုင်ငံအတွက် ဒေသဆိုင်ရာနိုင်ငံများအပေါ် စီးပွားရေးနှင့် နိုင်ငံရေးတို့အရ “ဩဇာ” လွှမ်းမိုးမှုရှိလာ အောင် ကူပံ့ပေးမည့်သဘောတူညီချက်အဖြစ် ဝေဖန်နေ ကြသည်။
အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာတွင် ထူးထူးကဲကဲ ကုန်သွယ်ရေး “လိုငွေပြမှု” ရှိနေခြင်း၊ အိန္ဒိယ နိုင်ငံ၏ သွင်းကုန်ပမာဏတွင် တရုတ်နိုင်ငံ၏ ဝေစုမှာ အကြမ်းအားဖြင့် ၁၄ ရာခိုင်နှုန်းသာ ရှိခြင်း၊ အိန္ဒိယနိုင်ငံက တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ သံရိုင်း၊ ဓာတ်သတ္တု ပစ္စည်းများနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံးဓာတု ပစ္စည်းများ အဓိကဖြစ်နေပြီး အိန္ဒိယနိုင်ငံက တရုတ်နိုင်ငံ ထံမှ သွင်းကုန်တင်သွင်းမှုကိုကြည့်လျှင် စက်နှင့် စက်ကိရိယာပစ္စည်းများ၊ အင်ဂျင်နီယာသုံးပစ္စည်းများကဲ့သို့သော ကုန်ထုတ်လုပ်ငန်းသုံးပစ္စည်းများဖြစ်ခြင်း စသည့်အချက်များကို တွေ့မြင်နိုင်သည်။
“အာရ်ဆက်” သဘောတူညီချက်တွင် အိန္ဒိယပါဝင်ခြင်း မရှိခြင်းကြောင့် ယင်းနိုင်ငံမှာ ဒေသတွင်းကုန်သွယ်ရေး လောကတွင် အထီးကျန်ဆန်ဆန် ရပ်တည်လာရမည်ဟု ရှုမြင်ကြသော်လည်း မိမိနိုင်ငံ၏ ပို့ကုန်များအတွက် အားသာချက်မရှိသော သဘောတူညီချက်အဖြစ် “အာရ်ဆက်”နှင့် လက်တွဲဖြုတ်ကာ ကိုယ်ပိုင်ကုန်သွယ်ရေး ဗျူဟာသစ်များ ခင်းကျင်းလျက် ခရီးဆက်ပေလိမ့်မည်။
အိန္ဒိယနိုင်ငံနည်းတူ အမေရိကန်ပြည်ထောင်စုသည် လည်း ၂၀၁၇ ခုနှစ်တွင် အာရှ-ပစိဖိတ်ကုန်သွယ်ရေး သဘောတူညီချက်ကို ကျောခိုင်းခဲ့ပြီးဖြစ်သည်။
ယခုအချိန်တွင်မူ “အာရ်ဆက်” တွင် ပါဝင်သော နိုင်ငံများ၏ ခေါင်းဆောင်များက “ကိုဗစ်” ကမ္ဘာ့ကပ်ရောဂါ အလွန်ကာလတွင် စီးပွားရေးပြန်လည်နာလန်ထူလာစေရေးအတွက် ယင်းသဘောတူညီချက်က အထောက်အကူ ပေးမည်ဟု မျှော်လင့်ချက်ကြီးကြီးမားမားရှိနေကြသည်။ “အာရှရာစုခေတ်” ၏ အရုဏ်ဦးအဖြစ် “အာရ်ဆက်” သဘောတူညီချက်ပေါ်ထွန်းလာပြီဟု ကျွန်ုပ်တွေးတော မိရင်း "အာရှရာစုခေတ် စာမျက်သစ် လှစ်ပြချိန်" ဟု ကျူးရင့် မိပါသတည်း။ ။
Ref: News Agencies