အဲဗာတန်အသင်းက အာဆင်နယ်တိုက်စစ်မှူးအိုင်ဝိုဘီအား ပေါင်း ၃၄ သန်းဖြင့် ခေါ်ယူ

အဲဗာတန်အသင်းဟာအာဆင်နယ်အသင်းတိုက်စစ်မှူး အိုင်ဝိုဘီအားပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းနဲ့ ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုကာခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

တိုက်စစ်မှူး အိုင်ဝိုဘီဟာ အာဆင်နယ်အသင်းနဲ့အတူ ၁၄၉ ပွဲပါဝင်ကစားပေးခဲ့ကာ သွင်းဂိုး ၁၅ ဂိုးသွင်းယူပေးခဲ့ပါတယ်။ လက်ရှိမှာအဲဗာတန်အသင်းဆီကို ပြောင်းရွှေ့ခဲ့တာကြောင့် အဲဗာတန် အသင်းနည်းပြ မားကို့စ်ဆေးလ်ဗာရဲ့အခု အပြောင်းအရွှေ့အတွင်း ခေါ်ယူခဲ့တဲ့ ခုနစ်ဦးမြောက် ကစားသမားလည်း ဖြစ်လာပါတယ်

အိုင်ဝိုဘီကိုခေါ်ယူပြီးချိန်မှာ အိုင်ဝိုဘီဟာ အရည်အချင်းရှိတဲ့ ကစားသမားဖြစ်ကြောင်းနဲ့ အခုအပြောင်းအရွှေ့အတွင်း အသင်းအတွက် ဦးစားပေးခေါ်ယူမယ့် ကစားသမား ဖြစ်ကြောင်းလည်း အဲဗာတန်အသင်းနည်းပြက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လိုင်လီအသင်းမှ နီကိုလက်ပီပီကိုအသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးပေါင် ၇၂ သန်းနဲ့ခေါ်ယူခဲ့ပြီးနောက် အသင်းအတွက် လူပိုလိုဖြစ်သွားတဲ့ အိုင်ဝိုဘီကိုရောင်းချဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ အိုင်ဝိုဘီကိုရရှိဖို့ ပထမတစ်ကြိမ်က ပေါင် ၂၈ သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး ဒုတိယအကြိမ်တွင် သန်း ၃၀ စသဖြင့်ကမ်းလှမ်းခဲ့ကာ လက်ရှိတွင်ပေါင် ၃၄ သန်းဖြင့် သဘောတူညီခဲ့ခြင်းဖြစ်ပါတယ်။

ငွေကြယ်