အစာအိမ်အကြောင်း ယုံတမ်းအထွေထွေ

အစာအိမ်ဆိုတာ ဘာလဲ။ တကယ်တော့ အစာအိမ်ဆိုတာ ကိုယ်နေ့စဉ်နဲ့အမျှ စားသောက်လိုက်တဲ့ အစာတွေကို ချေဖျက်ပေးနိုင်တဲ့ ခန္ဓာကိုယ်အတွင်းက အစိတ်အပိုင်း တစ်ခုပါ။

 

ဝမ်းတစ်လုံးမကောင်းရင် ခေါင်းခဲရတယ်ဆိုတဲ့ မြန်မာစကားပုံလေးလည်း ရှိတယ်မဟုတ်လား။ အစာအိမ်က အစားအစာတွေကို ကောင်းကောင်းမချေဖျက်နိုင်ရင် ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။

 

ဒီလိုအရေးပါလှတဲ့ အစာအိမ်နဲ့ပတ်သက်ပြီး လူတွေရဲ့အကြားမှာ ယုံတမ်းစကားတွေ၊ အယူအဆမှားတွေ အများအပြားရှိနေပါတယ်။ အစာအိမ်လေးကျန်းမာနေဖို့ဆိုရင် ဒီလို ယုံတမ်း အမှားတွေကို ရှောင်ရှားနိုင်ဖို့ လိုမှာပါ။

 

အစာအိမ်အကြောင်း သေသေချာချာ သိရှိမထားဘူးဆိုရင် လူအများစု လက်ခံထားကြတဲ့ ယုံတမ်းစကားတွေကို အမှန်တရားထင်ပြီး အမှားတွေ ကျူးလွန်မိနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်လေးနဲ့ ပတ်သက်နေတဲ့ ယုံတမ်းအထွေထွေကို စုစည်းဖော်ပြပေးချင်ပါရဲ့။

 

အစာအိမ်အကြောင်း ယုံတမ်း အမှန်၊ အမှားများ

 

          Myth: ပီကေတွေကို အစာခြေဖျက်နိုင်ဖို့ နှစ်ချီကြာတတ်တယ် – ပီကေတွေ မျိုချမိရင် အစာချေဖျက်နိုင်ဖို့ အချိန်ယူရတာမှန်ပါတယ်။ ဒါပေမယ့် နှစ်ချီတော့ မကြာပါဘူး။ ရက်အနည်းငယ်ပါပဲ။

          Myth: အစပ်တွေ အရမ်းစားရင် အစာအိမ်ပြည်တည်မယ် – အပူအစပ်စာတွေကိုမှ နှစ်သက်သူတွေကို မကြာခဏ ခြိမ်းခြောက်တတ်တဲ့ စကားတစ်ရပ်ပါ။ တကယ်တော့ အစာအိမ်ပြည်တည်နာဟာ အပူအစပ်တွေကြောင့် မဟုတ်ဘဲ အစားအသောက်တွေနဲ့ ကပ်ညိပါလာတဲ့ ဘက်တီးရီးယားတွေကြောင့်သာဖြစ်ပါတယ်။

          Myth: အလေးအပင်မရင် အူကျမယ် – ဒီအချက်က တစ်စိတ်တစ်ပိုင်းအားဖြင့်မှန်ပါတယ်။ ဒါပေမယ့် အူကျွံ၊ အူကျတာဟာ နာတာရှည်ချောင်းဆိုးဝေဒနာ စွဲကပ်နေတာလို ကိစ္စမျိုးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

          Myth: အရက်အရမ်းသောက်ရင် အသည်းရွတ်ရောဂါဖြစ်မယ် – Cirrhosis လို့ခေါ်တဲ့ အသည်းရွတ်ရောဂါဟာ အရက်ကြောင့်ဖြစ်နိုင်တယ်ဆိုတာဟာ တကယ်မှန်ပါတယ်။ ဒီရောဂါကိုဖြစ်စေနိုင်တဲ့ အဓိက အကြောင်းပြချက်လို့ ဆိုလို့ရပါတယ်။

          Myth: အစာအိမ်ထဲမှာပဲ အစာချေတယ် – အစာချေဖျက်ခြင်းကို အူသိမ်ထဲမှာ လုပ်ဆောင်တာ ဖြစ်ပါတယ်။ အစာအိမ်က အစာတွေလက်ခံပြီးတဲ့အခါရောမွှေပြီး အူသိမ်ထဲကို နည်းနည်းချင်းအစုလိုက်ပို့ပေးပြီး ချေဖျက်တာပါ။

          Myth: အစေ့အဆန်တွေစားရင် လိပ်ခေါင်းဖြစ်စေလိမ့်မယ် – ဆရာဝန်တွေက လိပ်ခေါင်းဝေဒနာသည်တွေကို အစေ့အစံတွေ၊ ပြောင်းဖူး၊ ပေါက်ပေါက်၊ စတော်ဘယ်ရီနဲ့ သေးငယ်တဲ့ အစားအစာတွေ မစားဖို့ တိုက်တွန်းလေ့ရှိပါတယ်။ ဒါပေမယ့် ဒီလိုတိုက်တွန်းတာက ပိုမိုနာကျင် စေနိုင်တာကြောင့်သာဖြစ်ပြီး ရောဂါဖြစ်နိုင်တာကြောင့် မစားစေတာမဟုတ်ဘူးလို့ ဆိုပါတယ်။

          Myth: အစားလျှော့လိုက်ရင် အစာအိမ်ကျဉ်းသွားမယ် – လူတစ်ယောက်က အရွယ် ရောက်လာပြီဆိုရင် ဗိုက်ထဲက အစာအိမ်ဟာ ရှိသင့်တဲ့အရွယ်အစားထိ ဖွံ့ဖြိုးနေမှာပါပဲ။ အကြောင်းရင်း တစ်ခုခုကြောင့် ခွဲစိတ်မှုနဲ့မလုပ်ထားသရွေ့ အစာအိမ်က အလိုလိုကျုံ့သွားမှာမဟုတ်ပါဘူး။

          Myth: ပိန်တဲ့သူတွေက အစာအိမ်ပိုသေးတယ် – အစာအိမ်ရဲ့အရွယ်အစားက လူကောင်ကြီးတာ၊ သေးတာ၊ ပိန်တာ၊ ဝတာနဲ့မဆိုင်ပါဘူး။ ကိုယ်တွင်းအင်္ဂါဖွံ့ဖြိုးမှုက လူတစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။

          Myth: Lactose ဓာတ်မတည့်ရင် နို့သောက်လို့မရဘူး – Lactose ဓာတ်မတည့်သူတွေဟာ နို့ထွက်ပစ္စည်းတွေကို အကန့်အသတ်နဲ့ မှီဝဲလို့ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပမာဏ မတူနိုင်ပေမယ့် လုံးဝ ရှောင်ကြဉ်ရမယ်ဆိုတာကတော့ မမှန်ပါဘူး။

          Myth: ဆေးလိပ်သောက်ရင် ရင်ပူမယ် – ဒါက ဆေးလိပ်ဖြတ်စေချင်လို့ ပြောတဲ့စကားပါ။ တကယ်တမ်းမှာလည်း ဆေးလိပ်မှာပါဝင်တဲ့ နီကိုတင်းက ကြွက်သားတွေကို ဖြေလျှော့စေပြီး ပြန်ကျုံသွားချိန်မှာတော့ အစာပြွန်ကို ထိခိုက်စေတတ်ပါတယ်။ ဒါကြောင့် ရင်ပူတာပါ။

          Myth: အိုလာရင် ဝမ်းခဏခဏချုပ်မယ် – လူအများစုဟာ အိုမင်းရင့်ရော်လာချိန်မှာ ဝမ်းချုပ်တဲ့ ပြဿနာနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ အသက်အရွယ်ကြောင့် မှီဝဲရတဲ့ ဆေးဝါးတွေက အစာခြေစနစ်ကို နှောင့်ယှက်ကြတာကြောင့်သာဖြစ်ပါတယ်။ အိုမင်းလာတဲ့ ခန္ဓာကိုယ်ကြောင့် မဟုတ်ပါဘူး။

          Myth: အူမကြီးကင်ဆာဖြစ်နေရင် ကိုယ့်ဘာသာ သိနိုင်တယ် – မဟုတ်ပါဘူး။ အူမကြီးကင်ဆာဟာ နောက်ဆုံးအချိန်အထိ ရောဂါလက္ခဏာမပြတာမျိုးဖြစ်နိုင်ပါတယ်။ စောစောစီးစီး စစ်ဆေးနိုင်ဖို့ လိုအပ်တဲ့ ရောဂါပါ။ အသက် ၅၀ ဆိုရင် စပြီး စမ်းသပ်သင့်ပါပြီ။

          Myth: ရင်ပူရင် ထထိုင်လိုက် ပျောက်တယ် – အိပ်နေစဉ် အစာမကြေတာကြောင့် ရင်ပူလာချိန်မှာ ထထိုင်လိုက်ရင် သက်သာတယ်လို့ ကျန်းမာရေး လမ်းညွှန်ချက်တွေက မဆိုထားပါဘူး။

          Myth: စိတ်ဖိစီးမှုများရင် IBD ဖြစ်မယ် – Irritable Bowel Syndrome ဟာ စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ သက်သေပြချက် မရှိသေးပါဘူး။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Ye Zon Aung

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်