အစားအသောက်ပြတ်လပ်မှုကြောင့် အန္တရာယ်ကြားရောက်ရတော့မည့် ယီမင်ပြည်သူများ

ခြူးစန္ဒီနွေး

ကာလရှည်ကြာမြင့်နေပြီဖြစ်ပေမယ့် အခုထက်ထိတိုင် အဆုံးမသတ်နိုင်သေးတဲ့ ယီမင်စစ်ပွဲမှာ တိုက်ပွဲကြားညပ်နေတဲ့ ပြည်သူတွေဟာ အသက်ရှင်သန်ရေးအတွက် ထောက်ပံ့ရေးပစ္စည်း တွေပေါ်မှာပဲ မှီခိုနေရပါတယ်။

သတင်းဆိုးတစ်ခု

ဒီလိုမှီခိုနေရတဲ့ ထောင်နဲ့ချီတဲ့ ယီမင်ပြည်သူတွေအတွက် သတင်းဆိုးတစ်ခု ရောက်ရှိလာခဲ့ပါတယ်။ အဲဒါကတော့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (WFP) ဟာ ယီမင်နိုင်ငံက စစ်ဘေးသင့် ပြည်သူတွေအတွက် အစားအသောက် ထောက်ပံ့ပေးနေတာကို တစ်စိတ်တစ်ပိုင်း ဆိုင်းငံ့လိုက်မယ်ဆိုတဲ့ သတင်းစကားပါပဲ။ ဒီအတိုင်းဆိုရင် ဟူသီသူပုန်တွေ ထိန်းချုပ်ထားတဲ့ဒေသမှာ နေထိုင်ကြတဲ့ ထောင်နဲ့ချီတဲ့ ယီမင်ပြည်သူတွေဟာ အငတ်ဘေးဆိုက်မယ့် အနေအထားမှာ ရှိပါတယ်။ ကုလသမဂ္ဂဟာ ယီမင်နိုင်ငံတစ်လွှားမှာ နေထိုင်ကြတဲ့ ပြည်သူ ၁၀ သန်းခန့်ကို အစာရေစာ ထောက်ပံ့ပေးထားပါတယ်။ ဒါပေမယ့် ဟူသီသူပုန်တွေဟာ ပြည်သူတွေကို အစားအသောက် ဖြန့်ဝေပေးရာမှာ ပူးပေါင်းဆောင်ရွက်ခြင်း မရှိတဲ့အပြင် အတားအဆီးတွေပါ လုပ်ဆောင်တယ်လို့ ကုလသမဂ္ဂက ပြစ်တင်ပြောကြားပါတယ်။

အစားအသောက်ဖြန့်ဝေမှုဆိုင်းငံ့

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာ ဟူသီသူပုန် တွေနဲ့ WFP  တို့ရဲ့ ကြားစကားစစ်ပွဲတွေဟာ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ အဲဒီလို တစ်ဖက်နဲ့တစ်ဖက် အခြေအနေတွေ တင်းမာလာရာကနေ အစားအသောက်အကူအညီ ဖြန့်ဝေမှုကို တစ်စိတ်တစ်ပိုင်း ဆိုင်းငံ့လိုက်တာအထိ ဖြစ်လာပါတယ်။ ထောင်နဲ့ချီတဲ့ ယီမင်ပြည်သူတွေကို အစားအသောက် ဖြန့်ဝေပေးတာတွေ မလုပ်တဲ့အထိ ဖြစ်လာပါတယ်။ ဟူသီလက်နက်ကိုင် အုပ်စုဟာ အီရန်နဲ့ မဟာမိတ်ဖြစ်ပြီး ၂၀၁၅ ခုနှစ်ကစလို့ မြို့တော်ဆာနားနဲ့ လူဦးရေထူထပ်တဲ့ မြောက်ပိုင်းပြည်နယ်တွေကို သိမ်းပိုက်ထားပါတယ်။ အစားအသောက် အကူအညီထောက်ပံ့ပေးမှုကို WFP  က ဖြတ်တောက်လိုက်ခြင်းအားဖြင့် ဟူသီတွေ ထိန်းချုပ် ထားတဲ့ဒေသက ပြည်သူ ၈၅၀ဝ၀ဝ ဝန်းကျင်ခန့် ဆိုးကျိုးတွေ ထိခိုက်ခံစားရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ အစိုးရက ထိန်းချုပ်ထားတဲ့ တောင်ပိုင်းပြည်နယ်တွေမှာ ပြည်တွင်းမှာပဲ ပြောင်းရွှေ့နေထိုင်သူ ထောင်ပေါင်းများစွာဟာလည်း အစားအသောက်ဖြန့်ဝေခြင်း တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းလိုက်ခြင်းရဲ့ ရိုက်ခတ်မှုတွေကို ခံစားလာရဖွယ်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ WFP  ရဲ့ ရုံးချုပ်ဟာ မြို့တော်ဆာနားမှာပဲ ယခုထက်ထိတိုင် အခြေစိုက်နေတုန်းကြောင့်ပါပဲ။

အစားအသောက်ပြတ်လပ်

အေဒင်မြို့ ဆင်ခြေဖုံးဘက်မှာ နေထိုင်ကြတဲ့ စစ်ဘေးဒုက္ခသည်တွေကတော့ သူတို့ရဲ့ စခန်းတွေမှာ အစားအသောက် ပြတ်လပ်မှုတွေ ဖြစ်လာပြီလို့ ပြောပါတယ်။ ဒီလိုမျိုး အစားအသောက် ဖြန့်ဝေတာကို တစ်စိတ်တစ်ပိုင်း ရပ်တန့်လိုက်ရခြင်းဟာ ပြည်တွင်းအဖွဲ့အစည်းတွေက WFP  နဲ့ ပူးပေါင်း ဆောင်ရွက်မှုမရှိလို့ ဒီလိုဖြစ်ရတာလို့လည်း ပြောလို့ရပါတယ်။ ယာရာဟတ်ဆန်ကတော့ စစ်ပွဲဒဏ်ကြောင့် နေရပ်ကနေ စွန့်ခွာထွက်ပြေးလာသူ ဖြစ်ပါတယ်။ သူဟာ ကလေးငါးယောက်ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေဟာ ပြည်သူတွေရဲ့ ရှင်သန်ရပ်တည်မှုနဲ့ သက်ဆိုင်နေပါတယ်။ ဒါကြောင့်လည်း တိုင်းပြည်အတွင်းမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးပဋိပက္ခနဲ့ မရောထွေးသင့်ဘူးလို့ သူက ပြောပါတယ်။ “ကျွန်တော်တို့ဟာ စစ်ပွဲဒဏ် ခံစားရတဲ့သူတွေပါ။ အခုဆိုရင် ကျွန်တော်တို့ စခန်းတွေမှာ အစားအစာ၊ ဆေးဝါးနဲ့ ကလေးတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေ ပြတ်တောက်နေပါပြီ။ ဒါကြောင့် ပြည်တွင်းနဲ့ အပြည်ပြည်ဆိုင်ရာက အဖွဲ့အစည်းတွေဟာ နိုင်ငံရေးအရ ကပ်ငြိမှုတွေ၊ နေရာဒေသတွေကို ထည့်တွက်မနေဘဲ ဆာလောင်မွတ်သိပ်နေတဲ့ ယီမင်ပြည်သူတွေကို ဆက်လက်ပြီး ကူညီကြပါ” လို့ တိုက်တွန်းခဲ့ပါတယ်။

အကူအညီလိုအပ်ဆဲ

စစ်ဘေးကြောင့် ပြည်တွင်းမှာပဲ ပြောင်းရွှေ့ ေထိုင်ကြတဲ့ မိသားစုတွေဟာ WFP  နဲ့ အခြားသော အဖွဲ့အစည်းတွေရဲ့ အကူအညီ လိုအပ်ဆဲပဲလို့ ပြောကြပါတယ်။ ခါဟာလာမာရင်လို့ခေါ်တဲ့ နေရပ် စွန့်ခွာလာသူ အမျိုးသမီးကတော့ သူတို့မိသားစုဟာ အစားအစာ၊ ရွက်ဖျင်တဲနဲ့ ဆေးဝါးကုသမှုတွေ လိုအပ်နေဆဲပဲလို့ ပြောပါတယ်။ တိုင်းပြည်ရဲ့ အချို့နေရာတွေမှာလည်း တိုက်ပွဲတွေဟာ အရှိန်ပြင်းထန် နေတုန်းပါပဲ၊ ထောင်နဲ့ချီတဲ့ လူတွေဟာ ဒုက္ခသည် စခန်းတွေဆီကို သွားနေရပါတယ်။ ဒုက္ခသည် စခန်းတွေမှာလည်း နေ့စဉ်လိုအပ်တဲ့ ပစ္စည်းတွေ လုံလုံလောက်လောက် မရှိပါဘူး။ တစ်ခါတလေ စားစရာသောက်စရာတောင် မရှိပါဘူး။ ဆာနားမှာ အခြေစိုက်တဲ့ ဟူသီသူပုန်တွေနဲ့ WFP  က အရာရှိတွေကြား အဆင်မပြေမှုတွေ ဆက်ဖြစ်နေမှာကို တချို့လူတွေက ကြောက်ရွံ့နေကြပါတယ်။ ဟူသီအဖွဲ့ နဲ့ WFP  တို့ကြား သဘောမတူညီမှုတွေကနေ သူတို့ရဲ့ဘဝအခြေအနေဟာ ပိုပြီးဆိုးရွားလာမှာကို ကြောက်လန့်နေကြရပါတယ်။

စားစရာလည်းမရှိတော့

နောက်ထပ်နေရပ်စွန့်ခွာ ပြည်သူတစ်ဦးဖြစ်တဲ့ ယူဆွတ်ဘင်အက်မက်ကတော့ သူဟာအဖွဲ့အစည်းတွေကပေးတဲ့ ထောက်ပံ့ရေးအစားအစာနဲ့ ပစ္စည်းတွေကို လွန်ခဲ့တဲ့ ခြောက်လလောက်က ပုံမှန်ရတယ်။ ဒါပေမယ့် ဒီရက်ပိုင်းအတွင်းမှာတော့ ဘာမှ ဖြန့်ဝေပေးတာ မရှိတော့ဘူးလို့ ပြောပါတယ်။ အခုဆိုရင် ရွက်ဖျင်တဲထဲမှာလည်း ဘာမှမရှိတော့ပါဘူး။ ဂျုံမပြောနဲ့ သကြားတောင် မရှိတော့ပါဘူးလို့ ပြောပါတယ်။ စားစရာမရှိတော့ပေမယ့် သောက်စရာရေကတော့ အခုထိ ရနေပါသေးတယ်လို့ ယူဆွတ်က ပြောပါတယ်။ ယီမင်နိုင်ငံတစ်လွှားမှာရှိတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ဖြန့်ဝေပေးတဲ့  အစားအသောက်တွေအပေါ်မှာပဲ မှီခိုနေရတာ ဖြစ်လို့ လုပ်ဆောင်မှုတွေကို ရပ်နားမထားဘဲ ပြန်လည်လုပ်ဆောင်ပါလို့ WFP  ကို တိုက်တွန်းချင် ပါတယ်လို့ သူက ဆက်ပြောပါတယ်။

အစားအစာမလုံလောက်

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံး မှ ပြောရေးဆိုခွင့်ရှိသူ စတက်ဖန် ဒူဂျာရစ်ကတော့ “အစားအသောက်ဖြန့်ဝေမှုကို တစ်စိတ်တစ်ပိုင်း ရပ်တန့်လိုက်ရတာကတော့ မတတ်သာတဲ့အဆုံး လုပ်လိုက်ရတာပါ။ ဟူသီအာဏာပိုင်တွေနဲ့ WFP အရာရှိတွေကြား ဆွေးနွေးမှု ရပ်ဆိုင်းလိုက်ရတဲ့နောက် ဒီလိုမျိုးလုပ်ဖို့ ဖြစ်လာတာပါ” ဟု ပြောခဲ့ပါတယ်။ တနင်္လာနေ့မှာတော့ ယီမင်နိုင်ငံဆိုင်ရာ WFP  မှ အကြီးအကဲ ဒေးဗစ်ဘရက်စလေက ယီမင်နိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ ဟူသီသူပုန်တွေက ထောက်ပံ့ရေးပစ္စည်းတွေကို အလွဲသုံးခဲ့တာကြောင့် ဒေါသထွက်ခဲ့ရပါတယ်။ WFP  အကြီးအကဲကတော့ ယီမင်နိုင်ငံမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေကတော့ ကြောက်ခမန်းလိလိပဲလို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြောကြားခဲ့ပါတယ်။ လူဦးရေသန်း ၂၀ ခန့်ဟာ အစားအစာ လုံလောက်ခြင်း မရှိပါဘူး။ လူတွေအသက်ရှင် ရပ်တည်နိုင်ဖို့အတွက် ခက်ခဲတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ရမှာပဲ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဟူသီတွေရဲ့ စွပ်စွဲမှု

အခြားတစ်ဖက်မှာလည်း WFP  ဟာ ယီမင် ပြည်သူတွေကို ရက်လွန်နေတဲ့ အစားအသောက်တွေ၊ ပုပ်သိုးနေတဲ့ အစားအစာတွေ ဖြန့်ဝေပေးနေ တာလို့ ဟူသီတွေက စွပ်စွဲပါတယ်။ WFP ဘက်ကတော့ ဒီစွပ်စွဲမှုကို ပြတ်ပြတ်သားသားပဲ ငြင်းဆိုခဲ့ပါတယ်။ အစားအသောက် လုံခြုံစိတ်ချရရေးအတွက် သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့ မပြည်မီတဲ့ အစားအသောက်ဆိုရင် WFP  က ဖြန့်ဝေပေးခြင်း မရှိဘူးလို့ ပြန်လည်ချေပခဲ့ပါတယ်။ ယီမင်ဝန်ကြီးချုပ် အဗ္ဗဒူမာလခ်ကတော့ အစားအသောက်ဖြန့်ဝေမှု ရပ်နားထားတာကို ယီမင်အစိုးရက သဘောမတူဘူးလို့ ပြောခဲ့ပါတယ်။ ကုလသမဂ္ဂက ထောက်ပံ့ရေး ပစ္စည်းတွေ ဖြန့်ဝေတဲ့အခါ ဟူသီသူပုန်တွေက နှောင့်ယှက်တာတွေကိုလည်း အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက ဖိအားပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ယီမင်နိုင်ငံဟာ ပြည်တွင်းစစ်ဖြစ်နေခဲ့တာ ၂၀၁၄ ခုနှစ်ကတည်းကပါ။ ပြည်တွင်းစစ်ကြောင့်လည်း အာရပ်ကမ္ဘာမှာ အဆင်းရဲဆုံး နိုင်ငံထဲက တစ်နိုင်ငံဖြစ်ခဲ့ပါတယ်။ အစိုးရနဲ့ ဟူသီသူပုန်တွေကြား တိုက်ပွဲတွေကြောင့် ကမ္ဘာမှာ အဆိုးရွား ဆုံးလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာ ဖြစ်ခဲ့ရပါတော့တယ်။ ။

ကိုးကား -ဆင်ဟွာ