အစ္စလာမ်ဘာသာဝင်များ၏ (ဝါဖြေပွဲ) ကျင်းပ

ရန်ကုန် ၊ ဧပြီ ၂၉

 

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ ကြီးမှူးကျင်းပသည့် အစ္စလာမ်ဘာသာဝင်များ ၏ (ဝါဖြေပွဲ)ကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့် မြို့နယ် WYNDHAM GRAND ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီး H.E.Ms Chan Yuen Ying Vanessa Ellsabeth ၊ မြန်မာနိုင်ငံဆိုင်ရာ  နိုင်ငံခြားသံရုံးများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(ဗဟို) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးစိန်သန်းနှင့် ဘာသာပေါင်းစုံမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးစိန်သန်းက အဖွင့်အမှာ စကားပြောကြားပြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်း (အစ္စလာမ်ဘာသာ)က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ထို့နောက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဂုဏ်ထူးဆောင်နာယက ဦးဌေးအောင် က ကျေးဇူးတင်စကား ပြောကြားပြီး အစ္စလာမ်ဘာသာဝင်များ၏ ဝါဖြေခြင်းနှင့် ဆုတောင်ခြင်းများကို ဆောင်ရွက်ကာ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ညနေစာဖြင့် တည့်ခင်း ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)