အစ္စရေး နိုင်ငံတွင် ဗိုင်းရပ်စ်ရောဂါထိန်းချုပ်ရေးအတွက် တစ်နိုင်ငံလုံးအား တတိယအကြိမ် အသွားအလာတားမြစ်

၂၄ ဒီဇင်ဘာ

 

အစ္စရေးနိုင်ငံမှာ ဗိုင်းရပ်စ်ရောဂါထိန်းချုပ်ရေးအတွက် တတိယအကြိမ် တစ်နိုင်ငံလုံးအား အသွားအလာတားမြစ် (lockdown) လိုက်ကြောင်း ဒီနေ့ (ကြာသပတေးနေ့) မှာ ကြေညာလိုက်ပါတယ်။

 

တစ်နိုင်ငံလုံးအသွားလာကန့်သတ်ရေးအမိန့်ကို ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံရေးအစီအစဉ် စတင်ပြီး ရက်ပိုင်းအနည်းငယ်အတွင်းမှာ ကြေညာတာဖြစ်ပါတယ်။

 

ဝန်ကြီးချုပ်နေတန်ညာဟုက တစ်နိုင်ငံလုံးအသွားအလာကန့်သတ် တားမြစ်မှုကို လာမယ့် တနင်္ဂနွေနေ့(ဒီဇင်ဘာ ၂၇ ရက်) နေ့ကနေ သီတင်းနှစ်ပတ်ကြာမှာ ဖြစ်ကြောင်းနဲ့ အသွားအလာကန့်သတ်မှုကို သီတင်းနှစ်ပတ်ကနေ ထပ်တိုးဖို့ အကြောင်းရှိကြောင်း၊ ထုတ်ပြန်ကြေညာပါတယ်။

 

ထုတ်ပြန်လိုက်တဲ့ အသွားအလာကန့်သတ်မှုတွင် နေအိမ်တွေကနေ ကိုက် ၁,၀၀၀ (၁ ကီလိုမီတာ) အတွင်းသာ သွားလာခွင့်ရှိပြီး ဖြန့်ချိရေးလုပ်ငန်းကလွဲပြီး လုပ်ငန်းအားလုံးပိတ်ထားရန်ပါရှိပါတယ်။

 

ကာကွယ်ဆေးထိုးဖို့ အပြင်ထွက်ခွင့်ရှိသလို ကျောင်းဖွင့်ထားတဲ့ ကလေးငယ်တွေလည်း ကျောင်းသွားခွင့်ရှိကြောင်း သိရပါတယ်။

 

အသွားအလာကန့်သတ်မှုမှာ နိုင်ငံကိုရောက်ရှိလာသူတိုင်း သီးသန့်စောင့်ကြည့်မှု quarantine အောက်တွင် နေထိုင်ရမှာဖြစ်ကြောင်း ပါရှိပါတယ်။

 

ဒါပေမယ့် ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲ အသစ်တွေ့ရှိရာ ဗြိတိန်၊ ဒိန်းမတ် နဲ့ တောင်အာဖရိက နိုင်ငံတွေကို လာရောက်ခွင့်ပိတ်ထားကြောင်း သိရပါတယ်။

 

လူဦးရေ  ၉ သန်းနေထိုင်တဲ့ အစ္စရေး နိုင်ငံမှာ Pfizer-BioNTech ထုတ် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေး ထိုးနှံရေးအစီအစဉ်ကို ပြီးခဲ့တဲ့ တနင်္လာနေ့က စတင်လိုက်ကြောင်း သိရပါတယ်။

 

နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိရသူ ၃၈၅,၀၂၂ ဦးနဲ့ သေဆုံးသူ ၃,၁၅၀ ဦးရှိကြောင်း နောက်ဆုံးထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

MDN

ကိုးကား - AFP