အစ္စရေးစစ်လေယာဉ်များ ဂါဇာကမ်းမြောင်ဒေသကို ပြန်လည်တိုက်ခိုက်မှုပြုလုပ်

၂၀ ဒီဇင်ဘာ

အစ္စရေးနိုင်ငံတောင်ပိုင်းသို့ ကမ်းမြောင်ဒေသမှ ဒုံးကျည်ပစ်လွှတ်ခဲ့ပြီးနောက်ပိုင်း အစ္စရေးစစ်လေယာဉ်များသည် ဂါဇာကမ်းမြောင်ဒေသကို ယမန်နေ့ ညနေပိုင်းက တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ပါလက်စတိုင်းလုံခြုံရေးသတင်းရင်းမြစ်က ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင် တောင်ပိုင်းနှင့်မြောက်ပိုင်း ရှိ ပါလက်စတိုင်းအုပ်စု အဖွဲ့ဝင်များ လေ့ကျင်းရေးကွင်းများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့်သတင်းရင်းမြစ်က သတင်းထောက်များကို ပြောကြားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ဖော်ပြထားသည်။

ဂါဇာကမ်းမြောင် ဒေသကို ပစ်မှတ်ထားကာ အစ္စရေးလေကြောင်းက ဗုံးကြဲတိုက်ခိုက်နေကသည်ဟု အစ္စရေးမီဒီယာကလည်း ဖော်ပြခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသမှ အစောပိုင်းပစ်လွှတ်ခဲ့သော ဒုံးကျည် တစ်စင်းသည် အစ္စရေးနိုင်ငံ တောင်ပိုင်း ရှိ လဟာပြင်သို့ ကျရောက်ကာ ထိခိုက်ဒဏ်ရာရ၊ပျက်စီးမှု မရှိကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ကြေညာခဲ့သည်။

ပြီးခဲ့သည့် နှစ်ရက်အတွင်း ဒုတိယမြောက် ဒုံးကျည်ပစ်လွှတ်မှုနှင့်ပတ်သက်ပြီး ပါလက်စတိုင်းအုပ်စုက တာဝန်ယူပြောဆိုခြင်းမရှိပေ။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို