အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် ပါလက်စတိုင်းကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးမှ မိန်းကလေးတစ်ဦးကို အသက်ရှင်လျက်မွေးဖွားနိုင်ခဲ့

ဂျေရုဆလင်၊ ဧပြီ ၂၂

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ရာဖယ်မြို့တွင် အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် ပါလက်စတိုင်း ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးမှ မိန်းကလေးတစ်ဦးကို ကယ်တင်မွေးဖွားခဲ့ကြောင်း ယနေ့အင်န်အိတ်ချ်ကေသတင်း တစ်ရပ်အရ သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်းကလေး ၁၈ ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင် လူ ၂၂ ဦး သေဆုံးခဲ့သည်။ ယင်းအမျိုးသမီးကို ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းများက ၎င်းအား အရေးပေါ်ခွဲစိတ်ကုသမှု ပြုလုပ်ပြီး ကလေးငယ်ကို ကယ်တင်ခဲ့ကာ ကလေးငယ်သည် ကိုယ်အလေးချိန် ၁ ဒသမ ၄ ကီလို ဂရမ်သာရှိသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

ကလေးငယ်အား အောက်ဆီဂျင်ပေးနေစဉ်အဝတ်ဖြင့် ထုပ်ပိုးထားသည့် ဗီဒီယိုဖိုင်ကို ပြသခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် အသက်ရှင်ခဲ့သည့် မိန်းကလေး၏ ဖခင်၊ သုံးနှစ်အရွယ် အစ်မဖြစ်သူနှင့် မိခင်တို့ သေဆုံးခဲ့ကြောင်းသိရသည်။ ၎င်းသည် မိဘမဲ့တစ်ဦးအဖြစ် မွေးဖွားလာခြင်းမှာ ဝမ်းနည်းစရာဖြစ်ကြောင်း ဆရာဝန်တစ်ဦး က ပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ