အစ္စရေးက ဇန်နဝါရီလကုန်တွင် ပြည်သူ ၂ သန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်စီ ထိုးနှံပေးမည်

ဂျေရုဆလင်၊ ၃ ဇန်နဝါရီ

 

အစ္စရေးပြည်သူ နှစ်သန်းခန့်သည် ယခုလကုန်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံ လက်ခံရရှိမည်ဖြစ်ကြောင်း အစ္စရေးအစိုးရက ယနေ့ပြောကြားသည်။

 

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၉ ရက်က ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကိုယ်တိုင် ပထမဦးဆုံးအဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ချိန်မှစ၍ အစ္စရေးအစိုးရသည် အမေရိကန်နှင့် ဂျာမနီဆေးဝါး ကုမ္ပဏီဖြစ်သည့် Pfizer-BioNTech ကုမ္ပဏီမှ ထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို စတင်ခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ပြုလုပ်ရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် အသက် ၆၀ နှင့် အထက်ရှိ သက်ကြီးပိုင်းများမှစတင်ပြီး ယခုလကုန်တွင် နိုင်ငံ၏ လူဦးရေငါးပုံတစ်ပုံခန့်ကို ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာမှ ညွှန်ကြားရေးမှူးချုပ် ဟယ်ဇီလယ်ဗီက ပြောကြားသည်။

 

“ဒီလကုန်မှာ ပြည်သူနှစ်သန်းခန့်ကို ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်စီ ထိုးနှံပေးမှာဖြစ်ပြီး ကာကွယ်ဆေးလက်ခံရရှိမယ့် ပြည်သူအများစုက သက်ကြီးပိုင်းတွေပဲဖြစ်မှာပါ” ဟု ၎င်းက ထပ်မံပြောကြားသည်။

 

အစ္စရေးနိုင်ငံတွင် ဇန်နဝါရီ ၂ ရက်အထိ ပြည်သူတစ်သန်းခန့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုခံယူခဲ့ကြသည်။ သို့ဖြစ်ရာ ဝန်ကြီးချုပ် နေတန်ယာဟုက အစ္စရေးနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနယ်ပယ်တွင် စံချိန်တင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းလုံးကို ဦးဆောင်သွားကြောင်း ဇန်နဝါရီ ၁ ရက်တွင် ပြောကြားသည်။

 

အစ္စရေး ဗဟိုစရင်းအင်းဗျူရို၏ နှစ်ကုန်ထုတ်ပြန်ချက်အရ အစ္စရေးနိုင်ငံတွင် လူဦးရေ ၉ ဒသမ ၂၉ သန်းရှိကြောင်း သိရသည်။ အဆိုပါ ကိန်းဂဏန်းတွင် အရှေ့ဂျေရုဆလင်ရှိ လူဦးရေလည်းပါဝင်သည်။ သို့သော် နိုင်ငံတကာအဖွဲ့အစည်းအများစုက အရှေ့ဂျေရုဆလင်မြို့ကို အစ္စရေး၏ အချုပ်အခြာ အာဏာပိုင်အဖြစ် အသိအမှတ်မပြုခဲ့ပေ။

 

ဇန်နဝါရီ ၃ ရက်အထိ ရရှိသည့် တရားဝင် ကိန်းဂဏန်းများအရ အစ္စရေးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူစက်ခံရ သူပေါင်း ၄၃၅၈၆၆ ဦးရှိပြီး ယင်းတို့အနက် ၃၄၀၀ နီးပါးသည် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။ ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ဇန်နဝါရီ ၁ ရက် ထုတ်ပြန်ချက်အရ အစ္စရေးနိုင်ငံတွင် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်ခံရသူ ၁၈ ဦးရှိလာကြောင်း သိရသည်။

 

ကိုးကား - အေအက်ဖ်ပီ

ဘာသာပြန် - ဂျေတီ