အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင် ဒုက္ခသည်စခန်းရှိ လူ ၇၀ သေဆုံး

 

ဂါဇာ၊ ဒီဇင်ဘာ ၂၆

 

ဂါဇာကမ်းမြောင် အလယ်ပိုင်းရှိ အယ်လ်မက်ဂါဇီ ဒုက္ခသည်စခန်းကို ဒီဇင်ဘာ ၂၄ ရက်က ပြုလုပ်သည့် အစ္စရေး လေကြောင်း တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ၇၀ ထက်မနည်း သေဆုံးခဲ့ကြောင်း အစိုးရပိုင် ပါလက်စတိုင်း ရုပ်သံက ဖော်ပြသည်။

 

အစ္စရေးတပ်ဖွဲ့ဝင်များသည် ဒုက္ခသည်စခန်းများကြားရှိ အလယ်ပိုင်းဒေသ၏ အဓိကလမ်းမများပေါ်သို့ ဗုံးကြဲ တိုက်ခိုက်နေပြီး လူထူထပ်သည့်နေရာများသို့ ကျရောက်မှုကြောင့် သေဆုံးသူဦးရေ တိုးလာဖွယ်ရှိကြောင်း၊ အဆိုပါနေရာသို့ လူနာတင်ယာဉ်များနှင့် အရပ်ဘက်ယာဉ်များ သွားရောက်ရန် အခက်အခဲ ဖြစ်ပေါ်နေကြောင်း ဂါဇာအခြေစိုက် ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အက်ရှာရက်ဖ် အယ်လ်ကီဒရာ က ပြောသည်။

 

သေဆုံးသူအများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်ကြကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောကြားသည်။ အယ်လ်မက်ဂါဇီ ဒုက္ခသည်စခန်းအပြင် ဂါဇာကမ်းမြောင်အလယ်ပိုင်းရှိ အယ်လ်ဘူရစ်ဂျ် ဒုက္ခသည် စခန်းနှင့် တောင်ပိုင်း ခန်းယူးနစ် မြို့တို့ကိုလည်း တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားသည်။

 

ဂါဇာကမ်းမြောင် ဒေသတွင် အသေးဆုံး ဒုက္ခသည်စခန်း တစ်ခုဖြစ်သည့် အယ်လ်မက် ဂါဇီဒုက္ခသည်စခန်းသည် လူဦးရေ သိပ်သည်းဆမြင့်မားကာ ၀ ဒသမ ၆ စတုရန်းကီလိုမီတာတွင် လူ ၃၀၀၀၀ နီးပါး နေထိုင်လျက်ရှိကြောင်း ကုလသမဂ္ဂအေဂျင်စီက ပြောကြားသည်။

 

ဆင်ဟွာ