အစ္စရေး၌ နှစ်ပတ်အတွင်း လူဦးရေ ၉၅၀ဝ၀ဝ ကျော် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ဂျေရုဆလင် ၁ ဇန်နဝါရီ

 

 

အစ္စရေး အစိုးရသည် နိုင်ငံ၏ လူဦးရေ ၉၅၀ဝ၀ဝ ကျော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။

 

 

အစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို ယမန်နှစ် ဒီဇင်ဘာ ၂၀ ရက်မှစ၍ ဆောင်ရွက်ခဲ့ပြီး ထိုအချိန်မှစ၍ အစ္စရေးနိုင်ငံ၏ လူဦးရေ ၉ ဒသမ ၃ သန်းခန့်ရှိသည့်အနက် လူဦးရေ ၁၀ ဒသမ ၂ ရာခိုင်နှုန်းခန့်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

 

ပြီးခဲ့သည်နှစ် ဒီဇင်ဘာ ၂၉ နှင့် ၃၀ ရက်က တစ်ရက်တာအတွင်း လူဦးရေ ၁၅၀ဝ၀ဝ ကျော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးနောက် ဒီဇင်ဘာ ၃၁ ရက်တွင် လူဦးရေ ၁၅၃၄၀ဝ ကို တစ်ရက်တာအတွင်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။

 

 

အစ္စရေးနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၃၁၉ ဦး တွေ့ရှိခဲ့ပြီးနောက် လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄၂၃၂၆၂ ဦး ရှိလာခဲ့သည်။ ထို့အတူ ကိုဗစ်-၁၉ ရောဂါနှင့် ဆက်စပ်သည့် ရောဂါများကြောင့် တစ်ရက်တာအတွင်း လူနာ ခုနစ်ဦး ထပ်မံသေဆုံးခဲ့ရာ ယင်းရောဂါကြောင့် သေဆုံးသူပေါင်း ၃၃၂၅ ဦးရှိလာခဲ့သည်။

 

 

ထို့အပြင် အစ္စရေးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံတင်ခြင်းခံရသော လူနာပေါင်း ၁၀၈၉ ဦးရှိပြီး ၎င်းတို့အနက်လူနာ ၆၇၉ ဦးသည် ရောဂါပြင်းထန်ကြောင်း သိရသည်။

 

 

အစ္စရေး၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါလူနာ ၂၁၈၄ ဦး ရောဂါကင်းစင်ပြီး ဆေးရုံများမှ ထပ်မံပြန်ဆင်းခဲ့ကြရာ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၃၇၆၃၂၂ ဦး ရှိလာခဲ့သည်။ သို့ဖြစ်ရာ လတ်တလော အချိန်၌ အစ္စရေးနိုင်ငံတစ်ဝန်းရှိ ဆေးရုံများတွင် ဆေးဝါးကုသမှု ခံယူလျက်ရှိသော လူနာ ၄၃၆၁၅ ဦး သာရှိကြောင်း သိရသည်။  

 

 

ကိုးကား - ဆင်ဟွာ      

ဘာသာပြန် - ဂျေတီ