အစ္စရေးနိုင်ငံကို အရေးပေါ်အကူအညီများပေးအပ်ခြင်းဆိုင်ရာ ဥပဒေကြမ်းတစ်ရပ် အမေရိကန် အောက်လွှတ်တော်အတည်ပြု

ဝါရှင်တန်၊ ဧပြီ ၂၁

အစ္စရေးနိုင်ငံကို အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိသည့် အရေးပေါ်အကူအညီများ   ပေးအပ်ခြင်းဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်ကို အမေရိကန်အောက်လွှတ်တော်က ဧပြီ ၂၀ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ဥပဒေကြမ်းကို ဧပြီ ၂၀ ရက် တွင် ထောက်ခံမဲ ၃၆၆ မဲနှင့် ကန့်ကွက်မဲ ၅၈ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။  အဆိုပါ ရန်ပုံငွေအား အစ္စရေးနိုင်ငံ၏ လေကြောင်းရန် ကာကွယ်ရေးစွမ်းပကား အားကောင်းစေရန်နှင့် ၎င်း၏ခဲယမ်းများ ထုတ်လုပ်မှုစွမ်းရည်ကို တိုးမြှင့်ချဲ့ထွင်ရန်နှင့်  လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းဥပဒေကြမ်းကို   အထက်လွှတ်တော်တွင် အတည်ပြုပြီးနောက် သမ္မတဂျိုးဘိုင်ဒင်က ဥပဒေအဖြစ် လက်မှတ်ရေးထိုးမည်ဖြစ်သည်။  အစ္စရေးကို အီရန်နှင့် ၎င်း၏မိတ်ဖက် အဖွဲ့အစည်းများ၏ တိုက်ခိုက်မှုများမှ ကာကွယ်ရာတွင် အဆိုပါဥပဒေက အလွန်အသုံးဝင်မည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် က ပြောကြားသည်။

အီရန်နိုင်ငံသည် ဧပြီ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် အစ္စရေးနိုင်ငံကို ပြင်းထန်သော တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အစ္စရေးတပ်ဖွဲ့က အဆိုပါတိုက်ခိုက်မှု အများစုကို ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

ဂါဇာကမ်းမြောင်ဒေသတွင် အရပ်သားသေဆုံးမှု မြင့်တက်လာမှုအပေါ် ဝေဖန်မှုများ မြင့်တက်လျက်ရှိစဉ် အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များက အစ္စရေးကို ချက်ချင်းအကူအညီပေးရန် တောင်းဆိုလျက်ရှိသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်