အစ္စရေးနိုင်ငံ၌ စတုတ္ထအကြိမ်မြောက် ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံပေး

ဂျေရုဆလင် ဇန်နဝါရီ ၂

အစ္စရေးနိုင်ငံတွင် သက်ကြီးရွယ်အိုများနှင့် သက်ကြီးစောင့်ရှောက်ရေးဂေဟာမှ ဝန်ထမ်းများကို စတုတ္ထ အကြိမ်မြောက် ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးနှံမှု များ စတင်နေပြီဖြစ်သည်။

အစ္စရေးနိုင်ငံတွင် အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုများ ဖြစ်ပေါ်နေသည့်အတွက် စတုတ္ထအကြိမ်မြောက် ကာကွယ်ဆေးထိုးနှံပေးမှုများကို ပြုလုပ်ပေးနေခြင်း ဖြစ်သည်။ သက်ကြီးစောင့်ရှောက်ရေးဂေဟာများ နှင့် ရောဂါအခံရှိသည့် သက်ကြီးရွယ်အိုများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် စတုတ္ထအကြိမ် ကာကွယ်ဆေးထိုးနှံမှုများကိုစတင်နေခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၃၁ ရက်တွင် ပြောသည်။ အစ္စရေးအစိုးရအဖွဲ့၏ ကျွမ်းကျင်သူများကလည်း အသက် ၆၀ နှင့် အထက်များ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို စတုတ္ထအကြိမ်မြောက် ကာကွယ်ဆေးထိုးပေးရန် ထောက်ခံချက်ပေးခဲ့သည်။

အစ္စရေးနိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အလျင်မြန်ဆုံးထိုးပေးနိုင်သည့် နိုင်ငံလည်းဖြစ်သည်။ အစ္စရေးနိုင်ငံတွင် လူဦးရေ၏ ထက်ဝက်နီးပါး သို့မဟုတ် ၄ ဒသမ ၂၄ သန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေးတတိယအကြိမ်ထိုးပေး ပြီးဖြစ်သည်။ တတိယအကြိမ် ကာကွယ်ဆေးထိုးပေး ထားသည့်အထဲတွင် အသက် ၆၀ နှင့်အထက် လူဦး ရေ ၈၀ ရာခိုင်နှုန်းပါဝင်သည်။

အစ္စရေးနိုင်ငံတွင် ရောဂါကူးစက်မှုများမှာ ပြီးခဲ့သည့်လများအတွင်း ကျဆင်းခဲ့သော်လည်း နိုဝင်ဘာ လနှောင်းပိုင်းမှ စတင်ကာ ကူးစက်မှုများပြန်လည် ဖြစ်ပေါ်လာခဲ့သည်။ နေ့စဉ်ကူးစက်မှုနှုန်းမှာလည်း ဒီဇင်ဘာ ၃၀ ရက်တွင် ၅၀၀၀ အထိရှိခဲ့ပြီး နှစ်လတာအတွင်း ကူးစက်မှုအရေအတွက် အများဆုံးလည်း ဖြစ်သည်။

အင်န်အိတ်ချ်ကေ